မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှ ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းတလျှောက်ရှိ ကျေးရွာများတွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ တိုးလာနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
သြဂုတ် ၂၉ ရက်နေ့အထိ အဆိုပါလမ်းပိုင်းရှိ အနန်ကွင်း၊ ရဲတံခွန်၊ သက္ကော၊ လွတ်ရှမ်းနှင့် အနီးတဝိုက်ရှိ ကျေးရွာတို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်မှုအပြင် Y-12 ဂျက်လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်ကြောင့် အမျိုးသမီးနှင့် ကလေးအပါအဝင် ဒေသခံ ၆ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ရဲတံခွန် ဒေသခံတစ်ဦးက ပြောသည်။
“အခုအချိန်ဆို ဘုရားသုံးဆူးသွားမယ့် သက္ကောလမ်းဝကနေ ဇီးနှစ်ပင်အထိကတော့ အခြေအနေဆိုးတယ်။ နေ့တိုင်းပဲ လက်နက်သံ ကြားနေရတယ်။ မနေ့ (သြဂုတ် ၂၈ ရက်) ကပဲ စစ်ကောင်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာ ရဲတံခွန်က အမျိုးသမီးတစ်ယောက် ပွဲချင်းပြီးသေသွားတယ်။ ပြီးတော့ ဦးခွေး၊ ဒေါ်ယိမ်းရွာ (လှာၐိုပ်) အပြင်ဘက်က နေအိမ်တစ်အိမ်မှာလည်း လက်နက်ကြီးကျလို့ အဲဒီအိမ်က ကလေးနှစ်ယောက် ဆုံးသွားတယ်။ အဖေဖြစ်သူကလည်း ဗုံးအစအနတွေ ထိသွားတယ်” ဟု အဆိုပါဒေသခံက ပြောဆိုသည်။
ယင်းအပြင် စစ်ကောင်စီက လေကြောင်းနှင့်တိုက်ခိုက်မှုကြောင့် အနန်းကွင်းဒေသခံတစ်ဦး သေဆုံးခဲ့ပြီး ရွာထဲသို့ ပစ္စည်းဝင်ယူသည့်ဒေသခံတစ်ဦး ပျောက်ဆုံးနေသည်ဟုလည်း အနန်းကွင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ကျွန်မတို့ရွာမှာ ဩဂုတ် ၁၉ ရက်နေ့စပြီး စစ်ကောင်စီက လေကြောင်းနဲ့ စတိုက်ခိုက်တယ်၊ လေယာဉ်နဲ့ ပစ်ခတ်တာကြောင့်ပဲ အနန်းကွင်းဒေသခံ ၁ ဦး သေဆုံးတယ်။ ပြီးတော့ ပျောက်နေတာလည်း ရှိတယ်၊ စစ်ဘေးကို ပြေးရှောင်နေချိန်မှာ ရောဂါကြောင့်လဲ ၇ ယောက် သေဆုံးခဲ့တယ်” ဟု အဆိုပါအနန်ကွင်းဒေသခံက ပြောသည်။
တိုက်ပွဲပြင်းထန်နေတာကြောင့် လွတ်ရှမ်းရွာရှိ ဘုန်းကြီးကျောင်းနှင့် ဒေသခံနေအိမ်များအပြင် အနန်းကွင်းရွာ တစ်ရွာလုံး နီးပါးလည်း ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးသူများသည် လက်ရှိအရေအတွက်ထက် တိုးလာနိုင်သည် ဟုလည်း ဒေသခံတို့က ပြောဆိုလျှက်ရှိသည်။
သံဖြူဇရပ် – ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က သြဂုတ်လလယ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နောက် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခြင်း ဖြစ်သည်။
နန်းကွင်းနှင့် လွတ်ရှမ်းကျေးရွာတို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် အနီးတဝိုက်ရှိ တညင်၊ ဖာယာ၊ ပန်းအောင်၊ ပုတော၊ ရက်ဖော၊ ကကတစ်၊ ခွန်နဝါ စသည့် ကျေးရွာ ၁၀ ရွာဝန်းကျင်က ဒေသခံ ထောင်နှင့်ချီသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။
အဆိုပါ အနန်းကွင်း စစ်ကောင်စီဗျူဟာတပ်စခန်းတွင် အင်အားဆုတ်ယုတ်နေသည့် အခြေအနေတို့ကြောင့် စစ်ကောင်စီတပ်က မြေပြင်စစ်ကူဖြင့် ထိုးစစ်ဆင်လာမည်ကို ဒေသခံများကြား စိုးရိမ်လျက်ရှိသည်။
IMNA ပေးပို့သည်။