သံတောင်အထူးဒေသတိုက်ပွဲများတွင် စစ်ကောင်စီက ပြည်သူ့စစ်အသုံးပြုမှု များလာနေ

By MPM 27 မတ်, 2025 👁 4

KNU- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၂) တောင်ငူခရိုင် သံတောင်အထူးဒေသအတွင်း ယခုမတ်လ နောက်ဆုံးအပတ်၌ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပျူစောထီး (ပြည်သူ့စစ်) အသုံးပြုမှုများလာကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

သံတောင်အထူးဒေသ သတ်မှတ်နယ်မြေ ကန်လှရွာမှ မိအိကလေး၊ ဗောဓိကုန်းကျေးရွာဘက်သို့ မတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ အင်အား ၃၀၀ ဝန်းကျင်ပါဝင်သည့် စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဝင်ရောက်လာသော စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် ၃ ပုံ ပုံ ၁ ပုံခန့် ပါဝင်လာသည်ကိုတွေ့မြင်ရပြီး ယခင်တိုက်ပွဲများထက် အသုံးပြုမှုပိုများလာသည်ဟု သံတောင်အထူးဒေသအတွင်း စစ်ရေးလှုပ်ရှားသည့် တော်လှန်ရေးတပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်တောင်းမြစ်အရှေ့ဘက်ကြောပေါ့၊ အဲဒီဘက်တွေက အထူးဒေသတပ်ဖွဲ့ဝင်တွေ လှုပ်ရှားမှု သိပ်အားမကောင်းတော့ သူတို့စည်းရုံးရေးလုပ်လို့ရလို့ ပြည်သူ့စစ်အနေနဲ့ စုဆောင်းလို့ရနေတယ် ပြောရမလားပဲ။ အရင်က လူမသိအောင်ပဲ နည်းနည်းပါးပါးသုံးတာ။ အခုတခေါက်က သုံးတာပိုများလာတယ်” ဟု ယင်းတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားမှုအားမကောင်းသည့် နယ်မြေရှိ အရပ်သားများအား စည်းရုံး၍ဖြစ်စေ ပေါ်တာဆွဲ၍ အတင်းအကြပ်ဖြစ်စေ တပ်သားစုဆောင်းထားပြီး စနစ်တကျသင်တန်းပေးမှုမရှိ လက်နက်တပ်ဆင်ကာ စစ်ပွဲရှေ့မျက်နှာစာများတွင် အသုံးပြုနေခြင်းဖြစ်သည်။

သံတောင်အထူးဒေသတွင် ပါဝင်သည့် ပြည်သူ့စစ်များမှာလည်း ထိုနည်းအတူတူပင်ဖြစ်၍ စစ်ယူနီဖောင်းဝတ်ပေးထားသော်လည်း ပြည်သူ့စစ်ဖြစ်ကြောင်း အတည်ပြုနိုင်သော အထောက်အထားရှိသည်ဟု ဖော်ပြပါ အမည်မဖော်လိုသူ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

“သူတို့ကို စစ်တပ်ယူနီဖောင်းတော့ ဝတ်ထားပေးတာပေါ့။ ဒီဘက်နယ်မြေတွေကြတော့ ကျနော်တို့ လှုပ်ရှားနေကြနေရာတွေဖြစ်တယ်။ ဆိုတော့ မျက်နှာကြည့်တာနဲ့ ဘယ်သူကဘယ်ရွာက ဘယ်သူ့သားသမီးဆိုတာ တန်းသိတယ်လေ” ဟု ယင်းတာဝန်ရှိသူက ပြောသည်။

ထို့အပြင် သုံးရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ပြည်သူ့စစ်အပါအဝင် ၂၀ ထက်မနည်း သေဆုံးမှုရှိကြောင်းသိရပြီး စစ်ကောင်စီဘက်မှပြောင်း၍ အလင်းဝင်လာသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် တချို့ရှိသည်ဟုလည်း တပ်မဟာ (၂) အခြေစိုက်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်နောက်တစ်ဦးက ဆိုသည်။

“ပထမရက် (မတ်လ ၂၃ ရက်) နေ့က မိအိကလေးမှာတိုက်ပွဲဖြစ်တော့ပဲ။ ရန်သူ (စစ်ကောင်စီ) ဘက်က ၁၀ ယောက်လောက်သေတယ်။ နောက်တစ်နေ့ကြ ဗောဓိကုန်းမှာထပ်ဖြစ်တယ်။ အဲဒီပွဲမှာလည်း ရန်သူထိတယ် ခန့်မှန်းခြေ ၂၀ လောက်ပေါ့။ ပြည်သူ့စစ်တစ်ယောက်ကိုလည်း လက်နက်နဲ့တကွ ဖမ်းမိထားတယ်။ နောက်ပြီး သူတို့ထဲကပြည်သူ့စစ်တစ်ယောက်က ကျနော်တို့ဆီအလင်းလာဝင်တယ်” ဟု ၎င်းကပြောသည်။

သံတောင်အထူးဒေသတိုက်ပွဲများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA, ကရင်အမျိုးသားကာကွယ်ရေးတပ် – KNDO နှင့် တော်လှန်ရေးတပ်ဖွဲများ ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်၍ ပူးပေါင်းတပ်ဘက်မှ (၅) ဦး မစိုးရိမ်ရဒဏ်ရာရရှိထားကြောင်း KNDO က ဆိုသည်။

အာဏာသိမ်းမှု ၄ နှစ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းလာသည်နှင့်အမျှ နိုင်ငံအနှံ့တပ်ဖြန့်ထားရသည့် စစ်ကောင်စီအတွက် မြေပြင်ထိုးစစ်အင်အား လိုအပ်ချက်ရှိလာသည်။

ထို့ကြောင့် တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ တပ်သားအင်အားစုဆောင်းရန် တွန်းအားပေးမှု ဖြစ်လာသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် တရားဝင်လူစုဆောင်းပြီး နောက်တွင်လည်း စစ်မှုမထမ်းချင်၍ နေရပ်စွန့်ခွာ နိုင်ငံရပ်ခြား ပြေးသူများလာသောကြောင့် နည်းဥပဒေများပြင်ဆင်သတ်မှတ် ကန့်သတ်ခြင်းနှင့် အကြောင်းအမျိုးမျိုးပြ၍ တပ်ဖွဲ့ဝင်အင်အားတောင့်တင်းရေး လုပ်ဆောင်လျက်ရှိကြောင်းလည်း ဒေသအလိုက် သတင်းအရင်းအမြစ်များမှ သိရသည်။

KIC ပေးပို့သည်။