ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၂) ပဲခူးတိုင်း၊ တောင်ငူခရိုင် သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ မိုင်းလွန်အောက်ရွာရှိ စစ်ကောင်စီတပ်စခန်း၊ လိပ်သိုမြို့ရှိ ခမရ (၆၀၃) တပ်စခန်းနှင့် မြို့မရဲစခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက တပ်အင်အားဖြည့်တင်းနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
အနှစ် (၃၀) ကြာ စစ်ကောင်စီက အထိုင်ချနေထိုင်သော မိုင်းလွန်အောက်ရွာရှိ တပ်စခန်းများအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်ရရှိခဲ့ပြီးနောက်တွင် ယင်းစခန်းအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
မိုင်းလွန်အောက်ရွာ စစ်ကောင်စီတပ်စခန်း ပျက်စီးသဖြင့် အင်အားပူးပေါင်းလာသော လိပ်သိုမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၆၀၃) မှ တပ်ဖွဲ့ဝင်များနှင့် မြို့မရဲစခန်းရှိ တပ်များကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် KNLA ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရပြီးနောက်တွင် တောင်ငူဘက်မှ အင်အားအများအပြားဖြင့် ခမရ (၆၀၃) သို့ စစ်တပ်က အင်အားဖြည့်တင်းနေကြောင်း ကေအဲန်ယူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“မီးရှို့ခံရတဲ့ မိုင်းလွန်စခန်းက စစ်တပ်နေတာ နှစ်ပေါင်း (၃၀) ရှိပြီ။ အရင်ကလည်း သုံး၊ လေး ခါလောက် သူတို့ လာပစ်သေးတယ်၊ ဒီတခေါက်မှ မီးရှို့နိုင်တာ။ အဲဒါပြီးတော့ မိုင်းလွန်စခန်းမှာထိုင်တဲ့ တပ်တွေက လိပ်သို (၆၀၃) တပ်ရင်းမှာ သွားနေနေတယ်။ တောင်ငူဘက်ကနေ လိပ်သိုဘက်ကိုလည်း အင်အားသွားစုနေတယ်။ (၆၀၃) ဘက် ကို အမြှောက်ကားတစ်စီး၊ လူအပြည့်နဲ့ စစ်ကားလေးစီး တက်လာတယ်” ဟု ၎င်းက ပြောဆိုသည်။
လိပ်သိုတွင် တပ်အင်အားအများအပြား ရောက်ရှိနေသည့်အပြင် ပြီးခဲ့သည့်ရက်ပိုင်း တိုက်ပွဲဖြစ်ပွားစဥ်က ရဲစခန်းအနီးတဝိုက်ရှိ နေအိမ်များသည် တိုက်ပွဲအကြား ထိခိုက်ပျက်စီးမှု ရှိခဲ့သဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို လက်ရှိ၌ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း လိပ်သိုဒေသခံများက ပြောပါသည်။
“ဖြစ်တဲ့နေ့က မြို့ပေါ်ကအိမ်တွေ တော်တော်လေးထိကုန်တယ်။ ရဲစခန်းပတ်ပတ်လည်မှာ ရှိတဲ့အိမ်တွေတော့ တော်တော်လေး စုတ်ပြတ်ကုန်တာ။ အဲဒီရက်က လက်နက်ကြီးတွေပစ်ပေမယ့် မနေ့ကနဲ့ ဒီတရက်တော့ ငြိမ်သွားပြီ။ လက်နက်ကြီးထုသံ မကြားသေးဘူး။ တိုက်ပွဲအချိန်မရွေး ဖြစ်နိုင်တဲ့အနေအထားဆိုတော့ စိုးရိမ်နေရတယ်” ဟု အမည်မဖော်လိုသူ လိပ်သိုဒေသခံတစ်ဦးက ပြောသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံး၍ လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း KNLA ပူးပေါင်းတပ်တွင်ပါဝင်သည့် တော်လှန်ရေးအင်အားစုများဘက်က ထုတ်ပြန်ထားသလို ပူးပေါင်းတပ်ဘက်မှလည်း ၄ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း နယ်ခံသတင်းအရင်းအမြစ်များက ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီက လေကြောင်းနှင့်ရော လက်နက်ကြီးဖြင့်ပါ သုံးပစ်ကူပေးမှုကြောင့် အသက် ၆ နှစ် အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူ ၅ ဦး သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးထက်မနည်း ရှိကြောင်း နယ်ခံသတင်းအရင်းအမြစ်များ ပြောဆိုမှုအရ သိရသည်။
KIC ပေးပို့သည်။