သံတောင်ကြီးမြို့မြောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ရ

0
349
ပုံစာ - စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသည့် ပရယ်စိုကျေးရွာ (Photo – CJ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်း တောင်ငူ- လိပ်သို- လွိုင်ကော် ကားလမ်းရှိ ယာဒိုကျေးရွာတွင် ဇူလိုင် ၁၁ ရက်နေ့က နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၂၀၀၀ ကျော် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်တိမ်း နေရကြောင်း ဒေသသတင်း အရင်းအမြစ်များမှ သိရသည်။

ယာဒိုကျေးရွာ အထက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းကို ဇူလိုင်လ ၁၁ ရက်နေ့ မနက် ၆ နာရီခန့်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက စတင် ပစ်ခတ်တိုက်ခိုက် ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်ဖြင့် ၄ ကြိမ်ခန့် ပစ်ကူလာသဖြင့် ယာဒို၊ ကလေထ၊ ဝါသောခို၊ ပရယ်စို စသည့် ကျေးရွာ ၄ ရွာမှ ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “အိမ်ခြောက်လုံးကတော့ မီးလောင်ပျက်စီးသွားတယ်။ စစ်ရှောင်ရတာက ရွာ ၄ ရွာ ပေါင်းရင် ၂ ထောင်ကျော် ရှိတယ်။ ကယား(ကရင်နီ)ပြည်နယ် အစပ်ဖြစ်တော့ အဲ့ဘက်က စစ်ရှောင်တွေလည်း လာနေတာ ရှိတယ်၊ သူတို့တွေပါ ပြေးရတာပေါ့။ လောလောဆယ်တော့ စစ်ရှောင်တွေက ဖြစ်သလို တောတောင်တွေကြား နေရတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ယာဒိုကျေးရွာနှင့် ဝါသောခိုကျေးရွာ တို့ကို အဓိကထား၍ စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ခဲ့သော်လည်း ဒေသခံများက နှစ်ဘက်ပစ်ခတ်မှု စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ကြိုတင်တိမ်းရှောင် ခဲ့ကြသဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သံတောင်မြောက်ပိုင်းနှင့် ကရင်နီအခြေပြု စစ်ဘေးရှောင် ကူညီမှုပေးနေသည့် အမျိုးသားတစ်ဦးက အခုလိုပြောသည်။

“ ရွာကလူတွေက သေနတ်သံ စကြားကတည်းက ကားလမ်းတဖက်တချက်က တောတွေထဲ ပြေးပုန်းကြတယ်။ လက်ရှိ ကျနော်သိထားသလောက်တော့ ဒေသခံထိခိုက်တာ မရှိဘူး။ အဲ့တပ်စခန်းက ယာဒိုရွာနဲ့ တွဲထားတာလေ၊ တော်လှန်ရေး အင်အားစုတွေက တိုက်ဖို့ ချိန်နေတာ ကြာပြီ။ လေကြောင်းပစ်ကူလာတော့ ပြန်ဆုတ်ပေးရတယ်၊ လောလောဆယ် အဲ့စခန်းမှာ စစ်တပ်အင်အား တိုးချဲ့ထားပြီ။ ရွာတွေထဲတော့ ဘယ်သူမှ ပြန်မနေရဲသေးဘူး” ဟု လက်ရှိအခြေအနေနှင့် ပတ်သက်၍ ၎င်းက ရှင်းပြပြောဆိုသည်။

ယာဒိုတပ်စခန်းအား စတင်တိုက်ခိုက်သည့် KNLA ပူးပေါင်းတပ်ဘက်တွင် သံတောင်မြောက်ပိုင်း အထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့-NTDF နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF လည်း ပါဝင်ပြီး စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားစဉ် နှစ်ဘက်ထိခိုက်ဒဏ်ရာရမှု ရှိသည်ဟု ကနဦး သိရှိရသော်လည်း ဆက်လက် အတည်ပြုနိုင်ရန် ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

ယခု တိုက်ပွဲဖြစ်ပွားသည့် ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းဒေသတွင် စစ်တပ် အာဏာသိမ်းယူပြီးသည့် အချိန်မှစ၍ စစ်ကောင်စီနှင့် နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲပေါင်း ၇၀ ကျော် ထက် မနည်း ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း တော်လှန်ရေးအင်အားစုများ၏ ပြောဆိုမှု အရ သိရသည်။

ထို့အတူ တိုက်ပွဲများဖြစ်ပွားစဉ် စစ်ဘေးတိမ်းရှောင်ရသော ဒေသခံလူထု အနေဖြင့်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အပြင် လက်နက်ကြီး ပစ်ခတ်မှု၊ မြေမြှပ်မိုင်း အန္တရာယ်များလည်း ရှိနေကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

ယင်းအပြင် စစ်ကောင်စီက အဆိုပါဒေသအတွင်း ဆန်သယ်ဆောင်မှု ကန့်သတ်ထားခြင်းနှင့် စစ်ဆေးရေး တင်းကြပ် လုပ်ဆောင်နေမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် စားနပ်ရိက္ခာ ဝယ်ယူရရှိမှု ခဲယဉ်းနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here