ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ထုံးဘိုကြီး၊ ပျားစခန်း၊ ငြိမ်းချမ်းရေးကုန်း အစရှိသည့် ကျေးရွာများတွင် စစ်ကောင်စီနှင့် ရဲဖက်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်များပူးပေါင်း၍ လောင်းကစားဝိုင်းများကို အခွန်ကောက်ယူ၍ ခွင့်ပြုပေးထားသောကြောင့် တရားမဝင် လောင်းကစားဝိုင်းများ ပိုမိုများပြားလာကြောင်း ဒေသခံများကပြောသည်။
စစ်အာဏာသိမ်းမှုမတိုင်ခင် တောင်ငူ-သံတောင်လမ်းရှိ မိုးကောင်းနှင့် အင်းဝိုင်းရပ်ကွက်များတွင် ဂေါက်ကဲဟုခေါ်သည့် အံစာတုံးပစ်လောင်းကစားဝိုင်းများ ခိုးဝှက်၍ ဖွင့်လှစ်ထားကြပြီး အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ် ဇူလိုင်လမှစတင်ကာ လေးမိုင်ဘုန်းကြီးကျောင်းတိုက်နှင့် အနီးအနားရှိ ရပ်ကွက်များတွင် ဂေါက်ကဲဝိုင်းများသာမက ဖဲဝိုင်းနှင့် ကြက်တိုက်ဝိုင်းများ ပိုမိုများပြားလာပြီး တောင်ငူ-သံတောင်လမ်း ခုနှစ်မိုင်တွင်လည်း စစ်ကောင်စီမှ အရပ်ဝတ်အသွင်ယူ၍ ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းများရှိလာကြောင်း သံတောင်ကြီးမြို့ရှိ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
၎င်းက “ အဲဒီလောင်းကစားဝိုင်းတွေကို လာကစားကြတဲ့သူတွေထဲမှာ ဒေသခံတွေတင်မကဘူး စစ်တပ်အသိုင်းအဝိုင်းနဲ့ ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေပါ ပါတယ်။ လောင်းကစားဝိုင်းမှာ စစ်ကောင်စီက အခွန်ကောက်တယ်။ မပေးနိုင်ရင် အချုပ်ထဲနှစ်ပတ်ထည့်ထားတယ်။ ငွေနဲ့ပြန်လိုက်ရွေးရတာတွေလည်းရှိတယ်။ မူးရူးနေတဲ့ လောင်းကစားသမားတွေများပါတယ်။ တစ်ခါတလေ အချင်းချင်းရန်ဖြစ်ပြီး ပြဿနာတွေလည်းတက်ကြတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါကျေးရွာများရှိ လောင်းကစားဝိုင်းများသည် စစ်တပ်စခန်းနှင့် အနီးတဝိုက်တွင် ရှိနေခြင်းဖြစ်ပြီး စစ်ကောင်စီမှ အရေးယူခြင်းမျိုးမရှိသည့်အပြင် ရဲများကိုယ်တိုင် လောင်းကစားဝိုင်းများကို လာရောက်အခွန်ကောက်ယူမှုများ ပြုလုပ်ကြောင်း အခြားဒေသခံ ရွာသားတစ်ဦးက ယခုလိုပြောပြသည်။
“ ကျနော်ကြားတာတော့ ရဲတွေက လောင်းကစားဝိုင်းတွေကို အခွန်လာကောက်တယ်တဲ့။ တောင်ငူ-သံတောင်လမ်း လေးမိုင်၊ ငါးမိုင်နဲ့နီးတဲ့ စစ်တပ်စခန်းတွေကလည်း လောင်းကစားဝိုင်းတွေကို အခွန်ကောက်တယ်။ အမှတ် (၃) ရဲစခန်းကလည်း အခွန်ကောက်တယ်။ ရဲရော စစ်တပ်ရော ပေါင်းပြီး ဘာမှမလုပ်တဲ့အပြင် အခွန်ပါ ကောက်နေကြတာ။ ကျနော် အဲဒီနားက ဖြတ်သွားဖြတ်လာလုပ်တော့ အဲဒီလောင်းကစားဝိုင်းတွေကို တွေ့မိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် သံတောင်ကြီးမြို့ပေါ်တွင်လည်း ဒေသခံလူငယ်များ ပျက်စီးစေလောက်သည်အထိ မူးယစ်ဆေး လက်ဝယ်ထား၍ ဖြန့်ဖြူးရောင်းချခြင်းများရှိနေပြီး မူးယစ်ဒိုင်အဖြစ် လုပ်ဆောင်သူများတွင် နယ်မြေခံပြည်သူ့စစ်အဖွဲ့မှ ခေါင်းဆောင်ပိုင်းတစ်ဦးပါဝင်ကြောင်းနှင့် ဖြန့်ဖြူးရောင်းချသူများတွင် ဆေးအမှုဖြင့် ထောင်မှပြန်လွတ်လာသော ထောင်ထွက်များ၊ စစ်မှုထမ်းဟောင်းများ ပါဝင်နေကြောင်း သံတောင်ကြီးမြို့ဒေသခံများကဆိုသည်။
ဒေသခံတစ်ဦးက “ အရင်က လူငယ်တွေဆီမှာ ဆေးပြားတွေ မကြာခဏမိတယ်။ စစ်တပ်ကဖမ်းရင်လည်း ၂ နာရီလောက်ကြာရင် ပြန်လွှတ်ပေးလိုက်ရော။ မြို့ထဲမှာ ဒီလိုမူးယစ်ဆေးရောင်းချတာတွေရှိနေတာကို ဒီနှစ် စက်တင်ဘာလလောက်က သက်ဆိုင်ရာလူကြီးတွေကိုသွားပြောတော့ ဟိုဘက်က သတင်းရပြီး ကားအဖြူတစ်စီးနဲ့ နေရာရွေ့သွားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ တောင်ငူမြို့ပေါ်တွင်လည်း ဆိုင်ကယ်များအား ဖမ်းဆီးစစ်ဆေးမှုများပြားနေပြီး လိုင်စင်မပါရှိပါက ခိုးရာပါဆိုင်ကယ်ဟု စွပ်စွဲကာ ဆိုင်ကယ်များကိုသိမ်းယူ၍ မတရားငွေညစ်ခြင်းအပြင် လူကိုပါ ဖမ်းဆီးထောင်ချသည်အထိ လုပ်ဆောင်နေမှုများ များပြားလာကြောင်းလည်း ဒေသခံများက ဆိုသည်။
KIC – ပေးပို့သည်။