စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ပေါ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့နှင့် ၁၇ ရက်နေ့က KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့၏ ဒရုန်းဗုံးကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
ဗန်းမောက်မြို့၊ လွှစင်ကုန်းရပ်ကွက်ရှိ စျေးတန်းတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက KIA၊ PDF ပူးပေါင်းတပ်တို့၏ Drop ဗုံးသီးကျရောက်ခဲ့ပြီး ဆယ်ကျော်သက်အရွယ် အမျိုးသမီး၏ ဦးခေါင်းကို မိုင်းစထိမှန်ခဲ့ကာ ထိုဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
“သေသွားတဲ့ ကောင်မလေး Grade 8 ကျောင်းသူလေး၊ မနက်ဖြန်ကို စာမေးပွဲဖြေတော့မှာ၊ အဲ့မှာ (စျေးတန်း) နားမှာငေးနေတာ အပေါ်ကနေကျလာတော့ သူ့ ခေါင်းကိုထိသွားတာ” ဟု ဗန်းမောက်မြို့ ရပ်မိရပ်ဖတစ်ဦးက ပြောဆိုသည်။
ထိခိုက်ဒဏ်ရာရသူတစ်ဦးမှာ အသက် ၁၃ နှစ်အရွယ် မောင်အောင်မျိုးထက်ဆိုသူဖြစ်ပြီး ညာဖက်လည်ပင်းတွင် မိုင်းစထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
အလားတူ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၁၁ ဝန်းကျင်တွင် ဗန်းမောက်မြို့အနီးရှိ နောင်မဲလုံကျေးရွာကို ရှမ်းနီအမျိုးသားများတပ်မတော် SNA ရောက်ရှိနေသည်ဟု သတင်းရရှိပြီးနောက် KIA၊ PDF ပူးပေါင်းတပ်များက ဒရုန်းများဖြင့် တိုက်ခိုက်မှုရာတွင် ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သေဆုံးသူ၏ မိသားစုဝင်က ပြောသည်။
“ငါးယောက်လုံး နောင်မဲလုံကပဲ ထိသွားတာ။ သိန်းအောင်၊ မောင်ပို၊ သန်းယု၊ အေးစိုး၊ ဦးကျော် ငါ့ဆွေမျိုးတွေ ဆိုတော့ စုပြီးစကားပြောနေကြတာ။ အဲ့မှာ ဒရုန်းလာကြတာ အဲ့လိုဖြစ်တာ။ ဒရုန်းလွှတ်ခဲ့တာလေ မိုးပေါ်မှာဝဲတဲ့ဟာလေ လွှတ်ခဲ့တာ” ဟု သေဆုံးသူ၏ ဇနီးဖြစ်သူက ပြောဆိုသည်။
သေဆုံးသူမှာ နောင်မဲလုံကျေးရွာမှ အေးစိုးဖြစ်ပြီး ခြေထောက်နှစ်ဖက်စလုံးကို ဒရုန်းဗုံးသီးစ ထိမှန်ခဲ့တာကြောင့် သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ကျန်လေးဦးမှာလည်း ခြေထောက်၊ ကျော၊ ဝမ်းဗိုက်တို့တွင် မိုင်းစထိမှန်ခဲ့ကာ လက်ရှိ၌ ဗန်းမောက်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေကြသည်ဟု ဆိုသည်။
KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက နောင်မဲလုံကျေးရွာတိုက်ခိုက်မှုနှင့် လွှစင်ကုန်းစျေးတန်း တိုက်ခိုက်မှုများကို ၎င်းတို့ထိန်းချုပ်နယ်မြေထဲက ဒေသခံများထံ ပြောဆိုခဲ့သော်လည်း သေဆုံးမှုများနှင့်ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုခြင်းမရှိကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်မြောက်ပိုင်းဒေသဖြစ်သည့် လေးသီကျေးရွာအနီးတဝိုက်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသည်မှာ တစ်နှစ်ကျော်ရှိလာပြီဖြစ်ပြီး ဗန်းမောက်မြို့ပေါ်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းကိုလည်း မကြာခဏ ဒရုန်းနှင့် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ရှမ်းနီအသံ ပေးပို့သည်။