သိမ်ဇရပ်ရဲစခန်းနှင့် စစ်ကောင်စီဂိတ်တချို့ တိုက်ခိုက်ခံရ၊ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံး

By MPM 24 ဇူလိုင်, 2024 👁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ နယ်မြေရဲစခန်းနှင့် သိမ်ဇရပ်မြို့အထွက်ရှိ စစ်ကောင်စီတပ် ဂိတ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်မှ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးပြီး စစ်ကောင်စီက လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက သိမ်ဇရပ်နယ်မြေရဲစခန်းအား ၄၀ မမ လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းရှိ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး စခန်းမှူးအပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။

ယင်းနောက် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမြှောက်တပ် အမတ (၃၁၀) မှ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ရဲစခန်းအရှေ့တောင်ဘက်ရှိ ရွာလေးကွက်သစ်ပိုင်း (၇) လမ်းနေ ဒေသခံတစ်ဦး၏နေအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံး၍ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရင်းအမြစ်များက ပြောပါသည်။

ဒေသခံအမျိုးသားတစ်ဦးက “ရဲစခန်းမှာထိတာက ရဲတွေအပြင် ရဲမိန်းမတွေလည်း ပါတယ်လို့ကြားတယ်။ ရဲကသေတာ ၂ ယောက် စခန်းမှုးအပါ ၁၀ ယောက်က ဒဏ်ရာရတယ်။ စစ်တပ်က လက်နက်ကြီးပြန်ပစ်တာ ရွာလေးကွက်သစ်က အိမ်ပိုင်ရှင်အမျိုးသမီး ဒဏ်ရာရပြီး အိမ်လာလည်တဲ့ လင်မယားနှစ်ယောက်မှာ ယောင်္ကျား သေတယ်။ ပြေးတဲ့ရွာတွေလည်း ပြေးနေရတယ်” ဟု ပြောသည်။

ယင်းအပြင် ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းတွင်လည်း KNLA ပူးပေါင်းတပ်များက သိမ်ဇရပ်မြို့အထွက်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းတစ်ခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ကြာရှိခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ၇ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာတချို့တွင် ဇူလိုင် ၂၂ ရက်နေ့ သိမ်ဇရပ်နယ်မြေ ရဲစခန်းတိုက်ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု မရှိကြောင်း ဖော်ပြထားသလို ယနေ့ (ဇူလိုင် ၂၃ ရက်) စစ်ကောင်စီတပ် ဂိတ်စခန်း ထိခိုက်မှုနှင့်ပက်သက်၍ ထုတ်ပြန်ထားခြင်း မရှိပါ။

ပြီးခဲ့သည့် ဇွန်လပိုင်းကတည်းက ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်ပြီး နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲအချို့တွင် နှစ်ဖက်ထိခိုက်မှုများ ရှိခဲ့သည်။

ထို့အတူ စစ်ကောင်စီသည် ၎င်းတို့စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ကျေးရွာများမှ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်မှုများ ရှိသလို လက်ရှိအချိန်ထိလည်း အင်အားရာနှင့်ချီသော စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များ ပြောဆိုမှုအရ သိရသည်။

KIC ပေးပို့သည်။