သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုရှိ ကွန်ကောက်ဘုန်းကြီးကျောင်း၌ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်နေရာယူပြီး လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများ၏ပြောဆိုမှုအရသိရသည်။
အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်း ၁ နာရီ ဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့သည် ကွန်ကောက်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ နေရာယူပြီး တောင်ပေါ်တွင် နေရာယူထားသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ရှိရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“စကစ ရွာထဲဝင်လာတာ တွေ့ရတော့ ကချင်တပ်က တောင်ပေါ်မှာနေပြီးတော့ လက်နက်ကြီးနဲ့ စပစ်တာ၊ အဲ့ကြောင့် စကစကလည်း ဘုန်းကြီးကျောင်းဝန်းထဲမှာ နေရာယူပြီး KIA ကို ပြန်ပစ်တာ။ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်ကြတာ။ အခုချိန်ထိ စစ်ရေးတင်းမာတုန်းပဲ” ဟု အဆိုပါဒေသခံအမျိုးသားက ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ် နေရာယူထားသည့် တောင်သည် မုံမိန်းဘုရားစေတီ အနောက်ဘက် (လွႆၾၢႆႇလင် ၽြုးမုင်မိူင်း) ဖြစ်ပြီး၊ နှစ်ဖွဲ့တပ်ဖွဲ့ နေရာယူထားသည့် နေရာများသည် သာသနာ့နယ်မြေ ဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
ယင်းကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်း လက်နက်ကြီးပေါက်ကွဲမှုရှိကြောင်း စုံစမ်းသိရသော်လည်း ထိခိုက်ပျက်စီးမှုများနဲ့ ပတ်သတ်ပြီး အတည်ပြုချက် မရသေးပေ။
အောက်တိုဘာ ၆ ရက်နေ့မှ စတင်ပြီး သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာ အုပ်စုအတွင်း၌ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့တို့က လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုရှိတာကြောင့် ဒေသခံ ၅၀၀ နီးပါး စစ်ရှောင်နေရပြီး အရပ်သားနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီမှပစ်လိုက်သည့် လက်နက်ကြီးကျကွဲမှုကြောင့် ကွန်ကောက်ဘုန်းကြီးကျောင်းဆောင် ပျက်စီးရပြီး ကောင်းချိုကျေးရွာ (ဝၢၼ်ႈၵွင်းၶဵဝ်) မှ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာရမှု ရှိခဲ့သည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။