ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ရှိ ကချင်နှစ်ချင်းခရစ်ယာန် KBC ဘုရားကျောင်းကို စစ်ကောင်စီတပ်က အောက်တိုဘာ၂၇ ရက်နေ့ ညပိုင်းက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
အောက်တိုဘာ၂၇ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်လေယာဉ်ဖြင့် ဘုရားကျောင်းအပေါ်တည့်တည့်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
ဘုရားကျောင်းက တာဝန်ရှိသူတစ်ဦးက “ဘုရားကျောင်းက ရစရာကို မရှိတော့ဘူး။ ခုနက ကျွန်တော်တို့ တွက်ကြည့်တာကတော့ သိန်းတစ်သောင်းဖိုးလောက်က ပျက်စီးဆုံးရှုံးသွားတယ်” ဟု ပြောပါသည်။
သိန္နီမြို့ထဲ အောက်တိုဘာ ၂၇ ရက်နေ့ညပိုင်း စစ်ကောင်စီလေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာများတွင် ထွေအုပ်ရုံး၊ KBC ဘုရားကျောင်း၊ ဆန်းလီဟိုတယ် အထက်ဘက် စသည့် နေရာသုံးနေရာဖြစ်ကြောင်းနှင့် ထိခိုက်သေဆုံးသူ မရှိဟု သိရသည်။
ဒေသခံများပြောဆိုချက်အရ စစ်ကောင်စီက KBC ဘုရားကျောင်းအရှေ့ဘက် မီတာ ၅၀ ဝန်းကျင်အကွာအဝေးရှိ တည်းခိုခန်းတစ်ခုတွင် ကိုးကန့်ဘက်ကလူကြီးများ ရှိနေတယ်ဆိုသည့်သတင်းတွေကြောင့် ယခုလို ဗုံးကြဲတိုက်ခိုက်တာဖြစ်နိုင်သည်ဟု သိရှိရသည်။
ဒေသခံတစ်ဦးက “ဘုရားကျောင်းအရှေ့ဘက်က တည်ခိုးခန်းတစ်ခုမှာ ကိုးကန့်ဘက်က လူကြီးတွေ၊ သူဌေးတွေ လာအိပ်ကြတယ်ဆိုတဲ့ သတင်းတွေက အရင်ကတည်းကထွက်နေတော့ ခုလိုဖြစ်လာမှာစိုးလို့ ကျွန်တော်တို့တောင် အဲဒီအနီးနားတဝိုက်မှာ မနေကြတော့ဘူး” ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီဘက်ကနေ ကိုးကန့်တပ် MNDAA နှင့် တအာန်းတပ်TNLA တို့ ရှိနေနိုင်သည်ထင်သောနေရာများကို အမြဲလိုလို လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှု ရှိနေသည်။
လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (HRAN) အဖွဲ့အစည်း၏ ၂၀၂၄ အောက်တိုဘာ ၂၇ ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီက လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၇ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၂၀ ဦးအထိ ရှိခဲ့သည်ဟု ပြောဆိုထားပါသည်။
KNG ပေးပို့သည်။