သိန္နီမြို့စျေးတန်း စစ်ကောင်စီလေယာဉ်နှင့်ဗုံးကြဲ ဒေသခံအရပ်သား ၂၀ ဦးထက်မနည်းသေဆုံး

By MPM 19 ဇူလိုင်, 2024 👁

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့ စျေးတန်းတဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ဇူလိုင် ၁၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က သိန္နီမြို့စျေးတန်းတဝိုက်အပါအဝင် မြို့တွင်းနေရာ ၄ နေရာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုတလော သိန္နီကို စစ်တပ်က ဆက်တိုက်ဗုံးကြဲတယ်။ မနေ့ညနေက ဗုံးလာကြဲတာက စျေးတန်းနားမှာဆိုတော့ လူအများရှိနေတဲ့နေရာဖြစ်တယ်။ အဲမှာ ထိခိုက်တာ၊ သေဆုံးတာ ဘယ်နှစ်ယောက်လောက်ရှိလဲ အတိအကျ မသိသေးဘူး။ အပေါ်ယံခန့်မှန်းချက်က ၂၀ ဝန်းကျင် ဟုတ်တယ်” ဟု အဆိုပါ သိန္နီမြို့ခံအမျိုးသားက ပြောသည်။

လက်ရှိ၌ သိန္နီမြို့တွင် ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေဆဲဖြစ်တာကြောင့် အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ၏အချက်လက် တိတိကျကျရန် ဆက်သွယ်စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့ သိန္နီမြို့ထဲကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူများ၏ ကားနှင့်နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ဇူလိုင် ၁၁ ရက်နေ့ညမှာလည်းမြို့ပေါ်ရှိ စာသင်ကျောင်းနှင့် ပညာရေးမှူးရုံးပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်အတွက် စာသင်ကျောင်းဆောင်အားလုံး ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

အလားတူ ဇူလိုင် ၃ ရက်ည သိန္နီမြို့ကို ထပ်ပြီးဗုံးကြဲတိုက်ခိုက်ရာ သိန္နီမြို့ရဲစခန်းအနီးဗုံးကျရောက်ပေါက်ကွဲပြီး အရပ်သားနေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့သလို ဇူလိုင် ၁၄ ရက်နေ့ ကိုးကန့်ထိန်းချူပ်ထားတဲ့ လောက်ကိုင်မြို့ကို လေကြောင်းနှင့် ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

“ဒီတိုက်ပွဲက ပိုမိုပြင်းထန်လာနိုင်တယ်။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို သတိပေး၊ အသိပေးချင်တာ တခုကတော့ ပြည်သူနဲ့နီးနီးကပ်ကပ်၊ ပူးပူးတွဲတွဲ မနေဖို့ဖြစ်တယ်။ အဲဒါက ပြည်သူကို တုတ်စာတောင်း ပေးတာလား၊ ပြည်သူတွေကို အကာအကွယ် ယူပြီးနေတာလား နားမလည်ဘူး။ ပြည်သူနဲ့အနီးကပ်မှာမနေဖို့ အဲဒီဟာတော့ အဓိက တောင်းဆိုချင်တယ်” ဟု သိန္နီမြို့ဒေသခံက ပြောဆိုသည်။

လက်ရှိ၌ လားရှိုးနှင့် သိန္နီကြားတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လားရှိုးနှင့် ကိုးကန့်ဒေသက ဒေသခံပြည်သူထောင်ချီသည် ၀ ပြည်ဘက်ကို တိမ်းရှောင်နေကြသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့ က စပြီး ၄ ရက်ကြာ အပစ်ခတ်ရပ်စဲရန် ကိုးကန့် MNDAA ဘက်က ထုတ်ပြန်စာထုတ်ထားသော်လည်း စစ်ကောင်စီဘက်ကတော့ ကိုးကန့်ထိန်းချုပ်နယ်မြေများကို လေကြောင်နှင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေဆဲလည်းဖြစ်သည်။

လားရှိုးမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကစပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေရာ မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြင့်တက်နေပါသည်။

KNG ပေးပို့သည်။