တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲသို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဒေသခံ ၃၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောကြားခဲ့ပါသည်။
ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းမှစတင်ပြီး တပ်အင်အား ၆၀ ကျော်ပါသော စစ်ကောင်စီစစ်ကြောင်းဟာ သင်ကျွန်း ရွာလမ်းကနေ တောင်ပျောက်တိုက်နယ်ထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာ ဖြစ်သည်။
စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဧပြီ၁၀ရက်နေ့မှာလည်း ကျောက်လှေကားကျေးရွာအတွင်း ဝင်ရောက်ပြီး နောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သလို ဧပြီ(၁၁)ရက်နေ့မှာလည်း တောင် ပျောက်တိုက်နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်းထပ်ထိုးခဲ့တာလည်း ဖြစ်သည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ကျောက်လှေကား၊ ရှယ်တောင်၊ ကြက်စာပြင်၊ ဒေါက်ရွာတို့က ဒေသခံတွေအနေနှင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသလို အများစုဟာ နီးစပ်ရာတောတောင်တွေနှင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသော်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘဲ စစ်ရေးအ ခြေအနေ ပိုမိုတင်းမာနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါသည်။
ပြီးခဲ့သော ဧပြီ ၉ ရက်နေ့က သရက်ချောင်းမြို့နယ် စောဖျားကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာတစ် ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် အထိနာခဲ့သည့် စစ်ကောင်စီတပ်ဟာ တောင်ပျောက်တိုက်နယ်ထဲ စစ်ကြောင်းထိုးလာတာ ဖြစ်သည်။
တနင်္သာရီတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းပြီးသည့် ယခုနှစ်ဧပြီလဆန်းပိုင်းအထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရ သည့် စစ်ရှောင်ပြည်သူ ၄၀၀၀၀ ကျော်အထိ ရှိလာကြောင်း ဒေသအတွင်း သုတေသနအဖွဲ့များရဲ့ အချက်အလက်တွေအရ သိရပါသည်။
သံလွင်တိုင်းမ် – ပေးပို့သည်။