သရက်ချောင်းတွင် စစ်ကောင်စီဗုံးကြဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

By MPM 30 ဧပြီ, 2025 👁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ကျောက်ခမောက်ကျေးရွာတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်က မြိတ်လေတပ်စခန်းက တက်လာသည့် ဂျက်ဖိုက်တာတိုက်လေယာဉ် တစ်စီးသည် ကျောက်ခမောက်၊ ချောက်ချောင်းကျေးရွာအပါအဝင် ကျေးရွာ ၄ ရွာခန့်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆက်ပြောပြသည်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကတွဲရွာနေ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကျောက်ခမောက်ရွာက အသက် ၁၈ နှစ်အရွယ်သမီးဖြစ်သူနှင့် အသက် ၅၀ အရွယ်မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဒေသခံတို့၏ ပြောပြချက်အရ စစ်ကောင်စီတပ်က လေကြောင်းနှင့်ဗုံးကြဲမှုအတွင်း ချောက်ချောင်းကျေးရွာ ဒေသခံ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရပေမယ့် အခြေအနေအသေးစိတ်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ် ဗုံးကြဲမှုအတွင်း နေအိမ်များထိခိုက်ပျက်စီးမှုရှိပြီး ဒေသခံပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် မြေးအဖိုး ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

သံလွင်တိုင်းမ် ပေးပို့သည်။