
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ထဲသို့ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က ဒေသခံနေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်း ယူဆောင်မှုများ ဆက်တိုက်ကျူးလွန်နေကြောင်း ဒေသခံများက ပြောဆိုသည်။
အောက်တိုဘာ ၂၁ ရက်နေ့တွင် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံနေအိမ်များကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားတာဖြစ်တယ်လို့ ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ဒေသခံများ၏ ပြောဆိုမှုအရ အောက်တိုဘာ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်သည် ရငဲ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်ကျေးရွာများရှိ ဒေသခံနေအိမ် ၇၀ ထက်မနည်းကို ဝင်မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားသည်ဟု ဆိုသည်။
စစ်ကောင်စီတပ် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာ ၅ ရွာမှ ဒေသခံ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်နေကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့က ရငဲတောင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကပ္ပိယလုပ်နေသော ဘုန်းကြီးကျောင်းသား ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များဆိုပြီး သေနတ်နှင့် ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။
လွတ်လပ်သော သုတေသနအဖွဲ့တစ်ခုဖြစ်သည့် FE5 Tanintharyi ၏ စစ်တမ်းအရ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း နှစ်ဖက်တပ်အကြား တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ် ၄၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။
