စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် သမိုင်းဝင်မင်းကွန်းပုထိုးတော်ရှိရာ ဒေသမှ လူနေအိမ် ၃၀ ကျော်ကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၄၀ ဦးကိုလည်း ဖမ်းဆီးခေါ်သွားကြောင်း မင်းကွန်းဒေသခံများက ပြောဆိုသည်။
မင်းကွန်းဒေသရှိ မင်းကွန်းကျေးရွာမှ လူနေအိမ် ၄ လုံးနှင့် ရှားစောင်းကျေးရွာမှ လူနေအိမ် ၂၈ လုံး စုစုပေါင်း ၃၂ လုံးကို ဇူလိုင် ၂၃ ရက်နေ့က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ Wetlet Informational Network က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာတွင် သေဆုံးမှုများရှိခဲ့ပြီးနောက် ထိုသို့ကျေးရွာရှိ လူနေအိမ် မီးရှို့ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း Wetlet Informational Network ဖော်ပြချက်အရ သိရသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက “လောလောဆယ် နှစ်ဖက်တိုက်ပွဲတော့ မဖြစ်သေးပေမယ့် စောင့်ကြည့်နေကြတဲ့ အနေအထားလိုမျိုး ဖြစ်နေသေးတယ်။ သူတို့ (စစ်အုပ်စု) ဘက်ကလည်း ထပ်လာပြီး မီးရှို့နိုင်သေးတယ်” ဟု ပြောဆိုသည်။
မင်းကွန်းဒေသရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့များက ပုထိုးတော်ကြီးအနီးရှိ ဒေသခံဈေးသူဈေးသား ၄၀ ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က ထိုသို့လူနေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ပြန်လည်ဆုတ်ခွာချိန်တွင် တော်လှန်ရေးအင်အားစုများဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း တိုက်ပွဲဖြစ်ပွားပါက သမိုင်းဝင် ရှေးဟောင်းစေတီပုထိုးများနှင့် အဆောက်အဦးများ ပျက်စီးဆုံးရှုံးသွားမည်ကို မင်းကွန်းဒေသခံများက စိုးရိမ်ပူပန်လျက် ရှိနေကြသည်။
ရှမ်းနီအသံ ပေးပို့သည်။