လှိုင်းဘွဲမြို့ရေဘေးသင့်ဒေသခံများ ရေဘေးသင့်ထောက်ပံ့ရိက္ခာများ မရရှိကြဟုဆို

0
249
ပုံစာ - ရေဘေးသင့်သူများအတွက်ထောက်ပံ့ရိက္ခာများ။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ရေဘေးသင့်ဒေသခံပြည်သူများအတွက် ထောက်ပံ့ပေးအပ်သည့် စားသောက်ရိက္ခာများကို လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူးက ရေဘေးသင့်သူများသို့ ပေးဝေခြင်းမရှိဘဲ ၎င်းကိုယ်ပိုင်အဖြစ် သိမ်းဆည်းထားကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးနှင့်အဖွဲ့က လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမနှင့် ကမော့ကချူးကျေးရွာရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ လာရောက်၍ ရေဘေးသင့် ဒေသခံပြည်သူစုစုပေါင်း ၆၀၀ ကျော် အတွက် ထောက်ပံ့ရိက္ခာအဖြစ် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ဆန်ရိက္ခာဖိုးကျပ်ငွေ ၁,၃၀၀,၀၀၀ သိန်းကျော်ကို ပေးအပ်ခဲ့သည်ဟု ၎င်းတို့က ပြောသည်။

အဆိုပါစားသောက်ရိက္ခာများ ထောက်ပံမှုလိုအပ်နေသော လှိုင်းဘွဲမြို့ ရေဘေးသင့်သူများထံသို့ လက်ရှိအချိန်ထိ ရောက်ရှိမလာကြောင်း ရေဘေးသင့်ဒေသခံများက ပြောဆိုသည်။

လှိုင်းဘွဲမြို့ခံ အမျိုးသမီးတစ်ဦးက “လူကြီးလည်း ပြန်သွားရော ရေဘေးဖြစ်တဲ့သူတွေကို လာပေးသွားတဲ့ စားစရာတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက မဝေပေးဘူး။ အစတုန်းက ပစ္စည်းတွေကို လူကြီးပြန်မှပေးမယ် ဆိုပြီးတော့ ပုံထားတာ၊ လူတွေကတော့ ဝေပေးမလား စောင့်နေတာပေါ့” ဟု ဆိုသည်။

ယင်းအပြင် လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြုလုပ်သော ဇူလိုင်လကုန်အစည်းအဝေးတွင် အဆိုပါစားသောက်ရိက္ခာများနှင့် ပက်သက်၍ ပြောဆိုရာတွင် ခေါက်ဆွဲခြောက်မှလွဲ၍ ကျန်ရိက္ခာများမှာ ၎င်းကိုယ်ပိုင်ပစ္စည်းများဖြစ်သောကြောင့် သိမ်းဆည်းထားလိုက်သည်ဟု ပြောဆိုသည်ကို အစည်းအဝေးတက်ရောက်ခဲ့သူများထံမှ သိရှိရသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ဆန်တွေဆီတွေက ပြည်နယ်အစိုးရက ချပေးတာ မဟုတ်ဘူး။ ဖော်ရှိုး လုပ်ရုံ သပ်သပ်ပဲ။ သူ့ဟာတွေဆိုပြီး ပြန်သိမ်းသွားတယ်။ ဝန်ကြီးချုပ်က မားမား (ခေါက်ဆွဲခြောက်) ပဲ ယူလာတာဆိုတဲ့ သဘောမျိုး။ ပိုက်ဆံတွေ ကြတော့လည်း အောင်ဆန်းခန်းမနဲ့ ကမော့ချူးစင်တာက အုပ်ချုပ်ရေးမှူးနှစ်ယောက်က သူတို့လက်မှတ်ထိုးပြီးပြီ ငွေတော့ ရောက်မလာဘူးလို့ ပြောတယ်” ဟု အဆိုပါအုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။

စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေး ရုပ်သံတွင် လှိုင်းဘွဲမြို့၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးနှင့်အဖွဲ့ လာရောက်စဥ် ရိက္ခာအိတ်များရှေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည်ဟူသောစာတန်းများ ချိတ်ဆွဲပြသထားသည်ကို တွေ့ရသည်ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ လှိုင်းဘွဲမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေစီးကာ မြစ်ရေမြင့်တက်လာသဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စုပေါင်း ၁၄၀ ကျော် ရေဘေးသင့်ခဲ့ရပြီး ၎င်းတို့ကို အောင်ဆန်းခန်းမ၊ မြို့မဂျာမေဗလီနှင့် ကမော့ကချူးရွာရှိ ယာယီရေဘေးရှောင် စခန်းတို့တွင် နေရာချထားပေးကြောင်း မြို့နယ်ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်း မြို့နယ်များရှိ လူဦးရေပေါင်း နှစ်သောင်းကျော် ရေဘေးသင့်ခဲ့ရပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၆၀ တွင် ကူညီထောက်ပံ့မှုများ ပေးထားရသည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

KIC ပေးအပ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here