လွိုင်ကော်ရှိ ဝန်ထမ်းစစ်ရှောင်များအား WFP ရိက္ခာဖြတ်

0
364

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းစစ်ရှောင်များကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် World Food Program (WFP) မှ စားနပ်ရိက္ခာထောက်ပံ့ပေးမှုကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

တစ်လလျှင် ဝင်ငွေ ကျပ် ၁၂၀,၀၀၀ နှင့် အထက်ရရှိသည့် ဝန်ထမ်းစစ်ဘေးရှောင်များကို WFP မှ ထောက်ပံ့ပေး မှုများကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ကျောင်းဆရာမ မမီ(အမည်လွှဲ)က“အစတုန်းက စာထုတ်ထားတာတော့ တွေ့တယ်ပေါ့နော်။ မိသားစုဝင် လေးယောက် လေးယောက်နဲ့အထက် အဲ့မိသားစုထဲမှာမှ ဝန်ထမ်းတွေပါတယ်၊ လစာက ၁ သိန်း ၂ သောင်း အထက်ဆိုရင် မပေးတော့ဘူး အဲ့လိုပြောတယ်။ အဲ့လိုကြားတော့ ကိုယ်ကလည်း ဝန်ထမ်းထဲက ဝန်ထမ်းပဲ ဆိုတော့ ဒီအလုပ်ဝင်သွားလို့ဆိုတော့ မပေးတော့တာများလား ဆိုပြီးတော့ သွားလည်းမမေးဖြစ်တော့ဘူး ပေါ့နော်” ဟု ပြောသည်။

ကျောင်းဆရာမ မမီ(အမည်လွှဲ)သည် ဖရူဆိုမြို့မှ လွိုင်ကော်မြို့ကို စစ်ဘေးရှောင်ရင်း လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံရှိ အခြေခံပညာသင်ကျောင်း၌ စာသင်ကြားလုပ်ကိုင်နေသူ ဖြစ်သည်။

ဆရာမ မမီသည် မိဘနှစ်ပါးနှင့်အတူ လွိုင်ကော်တွင် စစ်ဘေးရှောင်နေခြင်းဖြစ်ပြီး မိသားစု ၃ ယောက်သာရှိသော ကြောင့် လက်ရှိရနေသော ဝန်ထမ်းလစာမှာ ဆန်၊ ဆီ၊ ဆား တို့ဝယ်ရန် လောက်ငှနေသည်ဟု ဆိုသည်။

“တချို့လူတွေကျတော့လည်း မိသားစု များတယ်ဆိုလို့ရှိရင် အဲ့ဒီဝန်ထမ်းဝင်ငွေနဲ့ မလောက်တဲ့ လူတွေလည်းရှိတယ်။ ကျမကတော့ အဖေနဲ့ အမေနဲ့ ကျမနဲ့ဆိုတော့ လောက်တာမျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် နည်းနည်းတော့ ကာမိတယ်။ တခါတလေကျ ခက်ခဲတဲ့အခါကြတော့လည်း ဟိုနားက ချေးငှား၊ ဒီနားက ချေးငှား ပေါ့။ အဲ့လောက်ပဲ အခု ဝင်ငွေမရရှိတဲ့လူတွေ မရသေးတဲ့လူတွေကို ပေးလိုက်တော့လည်း တမျိုးတော့ ကောင်းတယ်ပေါ့နော်” ဟု ကျောင်းဆရာမ မမီ(အမည်လွှဲ) က ပြောသည်။

ကမ္ဘာ့စား နပ်ရိက္ခာအစီအစဉ် (WFP) ထံမှ စားနပ်ရိက္ခာ ထောက်ပံ့ပေးမှုကို ယခုနှစ် မေလတွင် နောက်ဆုံးအကြိမ် ရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခု အောက်တိုဘာလအထိ မရတော့ဘူးဟု ၎င်းက ဆိုသည်။

ကျောင်းဆရာမ မမီ (အမည်လွှဲ) နည်းတူ လွိုင်ကော်မြို့တွင် စစ်ဘေးရှောင်လာကြသော ဝန်ထမ်းများမှာ WFP အဖွဲ့၏ ထောက်ပံ့မှုများကို ယခုနှစ် ဇွန်လမှစတင်၍ လုံးဝမရတော့ဟု ပြောဆိုကြသည်။

စစ်ကောင်စီလက်အောက်မှ ဌာနဆိုင်ရာအသီးသီးတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းများအပြင် INGO၊ NGO အဖွဲ့အစည်းများတွင် အလုပ်လုပ်နေကြသည့် ဝန်ထမ်းများလည်း WFP ၏ ရိက္ခာ ထောက်ပံ့မှုများကို မရရှိကြောင်း သိရသည်။

သို့သော် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းများမှာမူ WFP ၏ ထောက်ပံ့ကို ရရှိနေဆဲဖြစ်သည်ဟု အမည်မဖော်လိုသူ CMD အမျိုးသမီး ဝန်ထမ်းတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“အမတို့ကတော့ CDM လုပ်လိုက်တယ်ကော၊ အမကိုတော့ သူတို့ ဘာမှ မပြောဘူး။ အခု CDM မလုပ်တဲ့ ကျောင်းဆရာမတွေ သူတို့က လခစားမို့လို့ မပေးတော့ဘူး အဲ့လိုမျိုးကြားတယ်။ လောလောဆယ် အထိတော့ ရနေသေးတယ် ဆန်လေ အခုထိတော့ ထောက်ပံ့နေသေးတယ်။ ဆန်ရယ်၊ ဆီရယ်၊ ဆားရယ်၊ ကုလားပဲရယ်၊ ၅ နှစ်အောက် ကလေးရှိတော့လေ အာဟာရမှုန့်လေးတွေလည်းပါတယ်။” ၎င်းက ဆိုသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Program (WFP)မှ လွိုင်ကော်မြို့ပေါ်သို့ စစ်ရှောင်လာကြသည့် စစ်ရှောင်များအား ယခုနှစ်အစောပိုင်းအထိ တစ်လတစ်ကြိမ် အခြေခံစားနပ်ရိက္ခာများကို ထောက်ပံ့ပေးခဲ့သော်လည်း ၂၀၂၃ ခုနှစ် မတ်လမှစတင်၍ နှစ်လတစ်ကြိမ်သာ လာရောက်ထောက်ပံ့ပေးတော့သည်ဟု စစ်ရှောင်များက ပြောသည်။

WFP အဖွဲ့က ထောက်ပံ့ပေးသော ရိက္ခာများတွင် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ၅ နှစ်အောက် ကလေးများအတွက် အဟာရမှုန့်များ ပါဝင်သည်ဟု စစ်ရှောင်များက ပြောဆိုကြသည်။

လွိုင်ကော်မြို့ပေါ်က စစ်ရှောင်များအတွက် WPF အဖွဲ့တစ်ဖွဲ့တည်းကသာ ထောက်ပံ့ကူညီပေးနေပြီး အစိုးရ ဝန်ထမ်းမဟုတ်သော သာမာန်စစ်ရှောင်ပြည်သူများပင် ပုံမှန်ထောက်ပံ့မှု မရရှိသည့်အတွက် အခက်အခဲများရှိ နေကြသည်ဟု ဆိုသည်။

ဝန်ထမ်းစစ်ရှောင်များကို ထောက်ပံ့မှု မပေးတော့သည့် အခြေအနေနှင့် သာမာန် စစ်ရှောင်ပြည်သူများအား နှစ်လမှတစ်ကြိမ်သာ ထောက်ပံ့ပေးသည့် အခြေအနေများနှင့် ပတ်သက်၍ WFP မှ တာဝန်ရှိသူများကို Email မှ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here