ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ လော်ဝေါ်မျိုးနွယ်စု ခေါင်းဆောင်တချို့ဟာ စစ်ကောင်စီဩဇာခံ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီး တပ်သားစုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဝိုင်းမော်မြို့ခံ လော်ဝေါ်မျိုးနွယ်စုဝင်တွေထံမှ သိရသည်။
အခုလို ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပြင်ဆင်နေကြတဲ့အပေါ် အဓိကလော်ဝေါ်မျိုးနွယ်စုဝင် လူငယ်တွေကို တပ်သားသစ် စုဆောင်းတာအပြင် လော်ဝေါ်အမည်နာမကိုသုံးပြီး လော်ဝေါ်ပြည်သူ့စစ်သဖွယ် လုပ်ဆောင်လာတာတွေကြောင့် လော်ဝေါ်မျိုးနွယ်စုဝင်တွေအကြား ဝေဖန်သံများ ခပ်စိပ်စိပ်ထွက်ပေါ်လာကြောင်း လော်ဝေါ်မျိုးနွယ်စုဝင်တွေက ပြောသည်။
ပြည်သူ့စစ်လုပ်ဖို့ လော်ဝေါ်မျိုးနွယ်စုတွေကြားမှာ စည်းရုံးလှုံ့ဆော်တာတွေ၊ ပြည်သူ့စစ်ထဲဝင်ဖို့ တပ်သား စုဆောင်းတာတွေ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေတာဟာ ခုဆိုရင် ၂ လ လောက် ကြာမြင့်လာပြီ ဖြစ်တယ်လို့ လော်ဝေါ်ဒေသခံတွေက ပြောပါသည်။
ဝူယာန်လော်ဝေါ်ဒေသခံတစ်ယောက်က “လော်ဝေါ်မျိုးနွယ်ထဲမှာ ပြည်သူ့စစ်ဆိုပြီး အရင်တုန်းကလည်း တစ်ခါ ကြားဖူးတယ်။ အဲ့နောက်ပိုင်း ပြန်မကြားရတော့ အခုမှပြန်ပေါ်လာတယ်။ သိပ်မကြာသေးဘူး လပိုင်းပဲ ရှိသေးတယ်။ စုံစမ်းကြည့်ရသလောက်ဆို စစ်ကောင်စီကနေ လက်ရှိလီဆူပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူးပေါင်း လိုက် ကြဖို့ ပြောထားတယ်လို့ကြားတယ်တဲ့ အဲ့လိုတော့ ကြားနေရတယ်” လို့ ပြောသည်။
ပြည်သူ့စစ်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး တရားဝင်စည်းရုံးပြောဆိုတာမျိုး မဟုတ်ပေမယ့် နီးစပ်ရာ ဆွေမျိုးအချင်းချင်းနဲ့ လော်ဝေါ်ဘာသာရေးကျောင်းတွေမှာ ဦးတည်ပြီးတော့ စည်းရုံးရေးတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောသည်။
လက်ရှိ၌ မြစ်ကြီးနား၊ ဝိုင်းမော်ဘက်က လော်ဝေါ်လူကြီးပိုင်းတချို့ကို စစ်ကောင်စီတပ်တွေက ပြည်သူ့စစ် ဖွဲ့စည်းပြီး ဦးရွှေမင်းပြည်သူ့စစ် အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ စစ်ကောင်စီ ဘက်ကနေ ပြောဆိုထားတာတွေ ရှိနေတာကြောင့် အခုလို ပြည်သူ့စစ်ဖွဲ့စည်းဖို့အထိ ဖြစ်လာတာ ဖြစ်တယ်လို့ ဝူယာန်ဒေသခံ လော်ဝေါ်အမျိုးသားက ပြောပါသည်။
ပြီးခဲ့တဲ့ အောက်တိုဘာလပိုင်းက အောင်မြေ (၁) ၊ လမြန်၊ ဝူယာန် ကျေးရွာတွေမှာ နေထိုင်တဲ့ လော်ဝေါ်လူငယ် ၁၀ ယောက် ဝန်းကျင်ကို ပြည်သူ့စစ်လုပ်ဖို့ရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရသော်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ ဘယ်လောက်အထိ ရှိသွားပြီဆိုတာကို အသေးစိတ် မသိရှိရသေးပေ။
ဒါ့အပြင် လက်ရှိတွင် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် ခလရ ၃၂၁ တပ်ရင်း၌ ပြည်သူ့စစ်လုပ်ရန်အတွက် ပထမအသုတ်အနေနဲ့ လူဦးရေ ၅၀ ယောက်ခန့်က စစ်သင်တန်း တက်ရောက်နေတယ်လို့ သိရပြီး သင်တန်းတက် နေသူတွေထဲမှာ ဝိုင်းမော်၊ လမြန်၊ အောင်မြေ(၁)နဲ့ မြစ်ကြီးနားမြို့ပေါ်ဘက်မှ တချို့လည်း ပါဝင်တယ်လို့ သိရသည်။
အခုကဲ့သို့ နိုင်ငံရေးရှုပ်ထွေးနေချိန်ကာမှာ စစ်ကောင်စီရဲ့ လက်အောက်ရပ်တည်ပြီး ပြည်သူ့စစ် လုပ်ကိုင်ဖို့ လှုံ့ဆော်နေသူတွေဟာ မိမိရဲ့ကိုယ်ကျိုးစီးပွားအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ လုပ်ရပ်တခုသာ ဖြစ်တယ်လို့ ဝူယာန်လော်ဝေါ်ဒေသခံတစ်ယောက်က အခုလိုကန့်ကွက် ပြောဆိုသည်။
“ဒါက သူတို့လုပ်ဆောင်နေတဲ့ စိတ်ဓါတ်က ပေါ်လွင်စေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင်လုပ်ရဲတာလည်း မဟုတ်ဘူး။ ပုန်းသျှိုးကွယ်သျှိုးလုပ်နေကတည်းက လော်ဝေါ်တမျိုးသားလုံးနဲ့ လုံးဝသက်ဆိုင်မှု မရှိပါဘူး။ သူတို့ ကိုယ်ကျိုးစီပွားမြင်လို့ အခုလိုလုပ်လာတယ်လို့ပဲ မြင်ပါတယ်။ ဘာလို့ဆိုတော့ လက်နက်အားကိုးပြီးမှသာ သူတို့လုပ်ချင်သလို လုပ်ကြမှာလေ။ ပြောချင်တာက သူတို့သာသူတို့ စစ်တပ်နဲ့ဆက်သွယ်ပြီး လုပ်နေတယ်လို့ပဲ မြင်ပါတယ်” လို့ ၎င်းက ဆိုသည်။
လော်ဝေါ်မျိုးနွယ်စုဝင်တွေကို ပြည်သူ့စစ်ဖြစ်လာဖို့ ကြိုးစားနေတဲ့ ဦးဆောင်သူတွေထဲမှာ ကော်မတီဝင် ၁၀ ယောက်လောက် ပါဝင်တယ်လို့သိရပြီး ဝိုင်းမော်မြို့၊ လမြန်၊ အင်ဂျန်ဒုံ၊ မိုင်းနား၊ လဘန်ကထောင်နဲ့ လယ်ကုန်း စတဲ့ နေရာအသီးသီးက လော်ဝေါ်လူကြီးတချို့ ဖြစ်ကြတယ်လို့ သိရသည်။
တဖက်မှာလည်း လော်ဝေါ်တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ “လော်ဝေါ်” ဆိုတဲ့ အမည်နာမကို နိုင်ငံရေး၊ လူမှုရေးနဲ့ အခြားသောအသင်းအဖွဲ့တွေ ဖွဲ့စည်းတည်ထောင်ရာမှာ အမည်နာမကို သုံးစွဲခွင့်မပြုတဲ့ ထုတ်ပြန်ချက် တစ်စောင်ကို လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ အသိပေး ပြောဆိုထားတာလည်း တွေ့ရသည်။
အဲဒီထုတ်ပြန်ချက်ဟာ အဓိကအားဖြင့် လက်ရှိ နိုင်ငံရေးရှုပ်ထွေးနေတဲ့ ကြားကာလမှာ မိမိရဲ့ကျိုးစီးပွားရေးနဲ့ လော်ဝေါ်တမျိုးသားလုံးနဲ့ သက်ဆိုင်မှုမရှိတဲ့ အသင်းအဖွဲ့ ဆောင်ရွက်ရာတွေမှာ လော်ဝေါ်အမည်နာမကို သုံးစွဲတာတွေ မပြုလုပ်ကြဖို့ရန်အတွက် သိရှိဖို့ ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ လမောင်ဂျုံးဒိုင်ကလည်း အခုလို ပြောဆိုထားသည်။
“လော်ဝေါ်ဆိုတဲ့ အမည်နာမက လော်ဝေါ်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့အမည်နာမ ဖြစ်တယ်။ ဒါကြောင့် “လော်ဝေါ်” ဆိုတဲ့ အမည်နာမကို သုံးလာပြီဆိုရင် ကျနော်တို့ လော်ဝေါ်ရိုးရာယဉ်ကျေးမှု ကော်မတီရဲ့ ခွင့်ပြုချက် ရယူရမှာ ဖြစ်တယ်။ တကယ်လို့ ခွင့်ပြုချက် သဘောတူညီချက် မယူဘဲနဲ့ လော်ဝေါ်ပြည်သူ့စစ် ရှိလာခဲ့ရင်လည်း ခွင့်ပြုပေးမှာ မဟုတ်သလို ကန့်ကွက်သွားဖို့ပဲ ရှိပါတယ်” လို့ ၎င်းက ပြောဆိုသည်။
အခုလို လော်ဝေါ်မျိုးနွယ်စုဝင်တွေရဲ့ အမည်နာမကို အသုံးပြုပြီး လော်ဝေါ်ပြည်သူ့စစ်ပုံစံ လုပ်ဆောင်လာနေတဲ့ အပေါ် မျိုးနွယ်စုဝင်တွေကြားမှာ ကန့်ကွက်နေတာတွေကြောင့် ဆော့လော်ဌာနယ်ပြည်သူ့စစ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ထပ်ပြီး ပြင်ဆင်နေကြတယ်လို့ ဒေသခံများက ပြောသည်။
ဒ့ါအပြင် တဖက်မှာလည်း ခုလိုလော်ဝေါ်မျိုးနွယ်စုဝင်တွေကို ပြည်သူ့စစ်လုပ်ဖို့ စည်းရုံးလှုံ့ဆော်နေသူတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးထားတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီမှ သိရသည်။
ပြီးခဲ့တဲ့ ၂ လလောက်က ဆော့လော်ဒေသက ဦးယဂျော်ဒိုင်လွမ်း ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ၁၀ ယောက် ပါဝင်တဲ့အဖွဲ့နဲ့ လော်ဝေါ်ပြည်သူ့စစ် ဖွဲ့စည်းဦးဆောင်တဲ့ ဝိုင်းမော်ဘက်က ဦးလာဟုတ်ခေါင်ဒေါင်၊ လော်ဒယ်လွမ်းခေါင် တို့အပါ အယောက် ၃၀ လောက်ဟာ လက်ရှိမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တပ်နေရာထဲမှာ ရှိနေတယ်လို့ သိရသည်။
လော်ဝေါ်မျိုးနွယ်စု ခေါင်းဆောင်တချို့ ဆော့လော်ဌာနေပြည်သူ့စစ် ဖွဲ့စည်းဖို့ရန်အတွက် ကြိုးစား လုပ်ဆောင်နေတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိဖို့ ဆက်လက်စုံစမ်းနေဆဲလည်း ဖြစ်သည်။
KNG ပေးပို့သည်။

