လောင်းလုံးမှာ လူဦးရေစာရင်း လာကောက်တဲ့အဖွဲ့ တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံး

By MPM 10 ဇန်နဝါရီ, 2023 👁

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာမှာ ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းက မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတဲ့အဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ နေ့လည် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်သား ၂ ဦး လုံခြုံရေးလိုက်ပါပြီး မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတဲ့ အုပ်ချုပ်ရေးအဖွဲ့က ဝန်ထမ်းတွေအပါအဝင် ၉ ဦးကို ကျေးရွာ မူလတန်းကျောင်းအရှေ့အရောက်မှာ DGRF နဲ့ လောင်းလုံး PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့လို သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။

ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) ပြန်ကြားရေးတာဝန်ခံကတော့ အခုတိုက်ခိုက်မှုဟာ သတိပေးတဲ့ နမူနာပဲရှိသေးကြောင်းနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ပါဝင်ဆောင်ရွက်သူတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ် ကံမြောကင်းတံတားကို ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ခရီးသွားမော်တော်ယာဉ်နဲ့ဆိုင်ကယ် ရာနဲ့ချီပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူမှုတွေကို ဇန်နဝါရီ ၉ ရက်နေ့ကနေ ၃၁ ရက် အထိ တစ်အိမ်တက် တစ်အိမ်ဆင်း စာရင်းကောက်ယူဖို့ စီစဉ်ထားတာပါ။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ မြေပြင်လူဦးရေစာရင်း ကောက်ယူမှုဟာ ထွက်ပေါက်ဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အထောက်အကူပြုဖို့အတွက်တင်မဟုတ်ဘဲ CDM ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တော်လှန်ရေးမှာ ပါဝင်သူတွေကို ပစ်မှတ်ထား ရှာဖွေလာနိုင်တာကြောင့် မပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။