လောင်းလုံးမှာ နေအိမ် ၁၅၀ နီးပါး မီးရှို့ဖျက်ဆီးခံရပြီး လူငယ် ၁ ဦး ပစ်သတ်ခံရ

By MPM 27 မတ်, 2023 👁 4

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာနဲ့ အောက်ကျောက်ဝပ်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၁၅၀ နီးပါး မီးလောင်ပျက်စီးခဲ့သလို လူငယ်တစ်ဦးကိုလည်း ပစ်သတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့က ညောင်ပြင်ကျေးရွာထဲ ကိုကုန်းလမ်း၊ရေလမ်းတွေကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဝင်ရောက်လာတာပါ။

အဲဒီနောက် စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ပြင်ကျေးရွာနဲ့ အောက်ကျောက်ဝပ်ကျေးရွာကို မီးရှို့သွားခဲ့သလို အောက်ကျောက်ဝပ်ရွာသား အသက် ၂၀ နှစ်အရွယ် ကိုခမ်းမဲကိုလည်း သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ညောပြင်ကျေးရွာမှာ နေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သလို အောက်ကျောက်ဝပ်ကျေးရွာမှာလည်း နေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားတဲ့အတွက် ကျေးရွာတွအတွင်း ပြန်လည်ဝင်ရောက်ကြပေမယ့် နေထိုင်ဖို့ အခက်အခဲတွေဖြစ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ လောင်းလုံးမြို့နယ်ကို ပြီးခဲ့တဲ့ မတ်လ ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်ကကျေးရွာတွေလှည့်ပြီး စစ်ကြောင်းထိုးနေသလို မတ် ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့ ၂ ရက်အတွင်း နေအိမ် ၁၈၀ နီးပါး မီးရှို့ဖျက်ဆီးထားပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor ရဲ့ ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်တာကာလအတွင်း နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။