လောင်းလုံးမှာ တိုက်ပွဲဖြစ်လို့ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရ

By MPM 11 ဇူလိုင်, 2026 👁 17

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာအနီးမှာ ဇူလိုင် ၁၀ ရက်နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF ထံကနေ သိရပါတယ်။

ဇူလိုင် ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်မှာ ဂေါ့အင်းကျေးရွာ တောထဲကနေ အင်အား ၁၈၀ ခန့်နဲ့ လေးသွန်းခံရွာဘက်ကို ဝင်လာတဲ့ စစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်တွေ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ရွာဘက်ကို ဖြစ်လာတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်သံကြားတာနဲ့ ရွာခံတွေက နီးစပ်ရာကို ရှောင်ကြရကြောင်း LLPDF တာဝန်ရှိသူက သံလွငိတိုင်းမ်ကိုပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက် အထိအခိုက် အကျအဆုံးအခြေအနေကို မသိရသေးဘဲ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကြောင်းက ရင်းဘုတ်ကျေးရွာကို ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ညှင်းမော်၊ ရင်းဘုတ်၊ လေးသွန်းခံ၊ ဂေါ့အင်းကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ဇူလိုင် ၁ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး အာဏာသိမ်း စစ်တပ်ဘက်က ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်