တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးနှင့် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးတွေမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတွေက ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အချိန် ၆ နာရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
နှစ်ဖက်တိုက်ပွဲအတွင်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာ ပင်လယ်ပြင်ရှိ စစ်ကောင်စီ စစ်သင်္ဘောနဲ့ ထားဝယ်မြို့ပေါ် ကာစတန်ဆိပ်ကမ်းကနေ လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်၏ ထားဝယ်မြို့ ကာစတန်ဆိပ်ကမ်းမှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ လောင်းလုံးမြို့ပေါ်ရှိ ထိန်သစ်ဘုန်းကြီးကျောင်းအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး သံဃာတော်တစ်ပါးအပါအဝင် ဒေသခံသုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
လက်ရှိ၌ စစ်ကောင်စီတပ်သားများက ထားဝယ်မြို့နဲ့ လောင်းလုံးမြို့ကို ဆက်သွယ်ထားသည့် ကမြောကင်း တံတားစစ်ဆေးရေးဂိတ်မှာ အင်အားအများအပြားဖြင့် လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးရေး ပြုလုပ်နေသည်ဟု တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရသည်။
ထိုတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု စစ်ရေးဦးဆောင်မှုနဲ့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DDT ၊ ကျောင်းသာတော်လှန်ရေးတပ်ဖွဲ့နဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းနှစ်ခု အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့သေးသည်။
သံလွင်တိုင်းမ် ပေးပို့သည်။