တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ပဉ္စသီမော်ကျေးရွာ ဘုန်းကြီးကျောင်းတွင် အလှူလာလုပ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦး ပစ်သတ်ခံရပြီးနောက် ဘုန်းကြီး ၄ ပါးအပါအဝင် ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါသည်။
ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့က ပဉ္စသီမော်ကျေးရွာ ဘုန်းကြီးကျောင်းမှာ အလှူလာလုပ်သော လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုမင်းဝါကို သေနတ်သမားတွေက ဘုန်းကြီး ကျောင်းထဲ ဝင်ရောက်ပစ်ခတ်သတ်သွားခဲ့ခြင်းဖြစ်သည်။
ထွေအုပ်ဝန်ထမ်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျောင်းရှိဘုန်းကြီး ၄ ပါးကို စစ်ဆေးရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားပြီး မေ ၁ ရက်နေ့မှာ လောင်းလုံးရဲစခန်းကနေ ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါသည်။
သို့သော်လည်း ပြန်လွှတ်ပေးလိုက်သည့် ဘုန်းကြီး ၄ ပါးကို သွားကြိုသော ဒေသခံ အမျိုးသား ၂ ဦးကိုတော့ စစ်ကောင်စီက ထပ်မံဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။
ဖမ်းဆီးသွားသည့် ဘုန်းကြီးတွေကိုတော့ စစ်ကောင်စီဘက်က ရိုက်နက်တာတွေ မရှိပေမယ့်လည်း ပစ်ခတ်မှုဖြစ်စဉ်အသေးစိတ်ကို မေးမြန်းမှုတွေရှိခဲ့ကြောင်း သိရပါသည်။
ထွေအုပ်ဝန်ထမ်း ကိုမင်းဝါဟာ စစ်ကောင်စီစစ်ကြောင်းတွေ သွားလာရာမှာ ကားလိုက်မောင်းပို့ပေးပြီး ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေ၏ နေရာကိုလိုက်ပြပေးနေသည့် ပျူစောထီးတစ်ဦးဖြစ်ခြင်းကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ကြောင်း ထားဝယ်ဒေသကာကွယ်ရေးအဖွဲ့ (DDT) က ထုတ်ပြန်ထားသည်။
သံလွင်တိုင်းမ် – ပေးပို့သည်။