လောင်းလုံးမြို့ ရက်ရှည်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံး

By MPM 14 စက်တင်ဘာ, 2024 👁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ၄ ရက်ဆက်တိုက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ကျောက်ဆင်ကျေးရွာအုပ်စုထဲက သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီးနဲ့ ကျောက်ဆင်စသည့် ကျေးရွာများကို စစ်ကြောင်းထိုးလာပြီးနောက် ရက်ရှည်တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ကို လောင်လုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၇ ရက်နေ့ကစ၍ နေ့စဉ်ရက်ဆက် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၄ ရက်ဆက်တိုက် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် အဆိုပါကျေးရွာများတွင် လနှင့်ချီကြာ တပ်စွဲနေထိုင်နေခဲ့သလို တရွာဝင်တရွာထွက် လှည့်ပတ်နေပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို ဖောက်ထွင်းခြင်း၊ မီးရှို့ဖျက်ဆီးမှုတို့ကို ပြုလုပ်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိ၌ အဆိုပါကျေးရွာများကနေတဆင့် ဆုတ်ခွာသွားပြီး မောင်းမကန်နယ်မြေရဲစခန်းနှင့် ဘုန်းကြီးကျောင်းများအပြင် အနီးအနားဝန်းကျင်တွင် တပ်စွဲနေထိုင်နေပြီး အချိန်မရွေး ကျေးရွာများထဲကို စစ်ကြောင်းထိုးတာကို ပြန်လည်လုပ်နိုင်သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီးနှင့် ကရင်ကြီးစသည့် ကျေးရွာများက ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် မိုးထဲလေထဲမှာ လနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အပြင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။