လောင်းလုံးတွင် စားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့် စစ်ကောင်စီပိတ်ပင်ထား

0
161
Photo - Social Media

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကြား စစ်ရေးတင်းမာနေသည့် တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီက စားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်ထားသည်ဟု ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာတွင် လေးရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ ထားဝယ်မြို့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်က လောင်းလုံးမြို့နယ်ထဲကို ဒီဇင်ဘာ ၂၈ ရက်နေ့ကစပြီး စားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

လောင်းလုံးမြို့ဒေသခံတစ်ဦးက “အရင်က ပိုက်ဆံပေးပြီး သယ်လို့ရပေမယ့် လက်ရှိမှာ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စတဲ့ အခြေခံကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီတွေကို ကမြောကင်း စစ်ဆေးရေးတံတားဂိတ်က လုံးဝဖြတ်သန်းခွင့် မပြုတော့ဘူးလို့ ပြောပါတယ်” ဟု ဆိုသည်။

တနင်္သာရီတိုင်းရှိ မြို့နယ်များတွင် ယခင်ကတည်းက တိုက်ပွဲဖြစ်ပွားလာချိန်တိုင်းတွင် စစ်ကောင်စီဘက်က စားသောက်ကုန်နှင့် စက်သုံးဆီ ဖြတ်တောက်မှုတို့ကို ပြုလုပ်လေ့ရှိပြီး လက်ရှိ၌လည်း လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များကြား နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် ယခုလို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီက ထိုသို့ပိတ်ပင်မှုကြောင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာတချို့တွင် စက်သုံးဆီနှင့် စားသောက်ကုန် ဝယ်ယူစုဆောင်းသူ အများအပြားရှိနေပြီး ကုန်ပစ္စည်းအများစု ပြတ်လပ်လာနိုင်သည့် အခြေအနေနှင့် ကြုံနေရသည်။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ ကျေးရွာများကနေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများကို ဆန်အိတ်အသေး ၁၀၀ အိတ် ထောက်ပံ့ပေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဒီဇင်ဘာ ၂၃ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေလျက် ရှိနေသည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူနှင့် ရေတပ်စစ်သင်္ဘောကနေ လက်နက်ကြီးနှင့် ပစ်ကူပေးမှုတို့ကို လုပ်ဆောင်ခဲ့ပြီး ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ကျောက်နီမော်ကျေးရွာရှိ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်များက ပြောသည်။

တနင်္သာရီတိုင်းရှိ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်၊ ထားဝယ်အရှေ့တောဒေသနှင့် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တို့ကို စစ်ကောင်စီတပ်က ဆန်နှင့် ရိက္ခာသယ်ယူခွင့်ကို ပြီးခဲ့သည့်နှစ်ကတည်းက ပိတ်ပင်ထားကြောင်း ဒေသခံတို့ထံက သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here