တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဒရုန်းနှင့်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
တပ်အင်အား ၁၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က အောက်တိုဘာ ၁၂ ရက်နေ့တွင် လောင်းလုံးမြို့နယ် ညှင်းမော်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲနေထိုင်ခဲ့စဉ် အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်း၌ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းနှင့် ဦးစွာ သွားရောက်တိုက်ခိုက်ခဲ့သည်။
ယင်းနောက် စစ်ကောင်စီတပ်က ဒရုန်းနှင့် ပြန်လည်တိုက်ခိုက်ခဲ့သည့်အတွက် စပ်ပြဲကျေးရွာနေ ဒေသခံများဖြစ်သည့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးအပါအဝင် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းတွင်လည်း နှစ်ဖက်တပ်အကြား အပြန်အလှန် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ပစ်ချလိုက်သည့် ဒရုန်းဗုံးတစ်လုံး နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် စတင်စစ်ကြောင်းထိုး ဝင်ရောက်လာမှုနှင့်အတူ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများကြောင့် ညှင်းမော်၊ ညှင်းပုတ်၊ စပ်ပြဲ၊ ရေဖြူ၊ ဂေါ့အင်းကျေးရွာတို့က ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။