တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ကင်းလှည့်ပြီးပြန်လာသည့် စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။
နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က လောင်းလုံးမြို့အတွင်း ကင်းလှည့်ပြီး ပြန်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားတစ်စီးကို မြို့မရဲစခန်းအနီးတွင် လောင်းလုံးမြို့နယ် (ပကဖ) က ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ဗွီးဂိုကားပေါ်ပါလာသော စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် (ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောပါသည်။
မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လောင်းလုံးမြို့နယ်က လမ်းသွားလမ်းလာ ပြည်သူများကို မတရား ဖမ်းဆီးစစ်ဆေးခြင်း၊ ငွေကြေးတောင်းခံခြင်းများ ဆက်တိုက်လုပ်ဆောင်နေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များအနေနှင့် ပြည်သူ့ရင်ခွင့် အမြန်ဆုံးခိုလှုံ ကြရန်နှင့် အရပ်သားပြည်သူများလည်း စစ်ရေးသတိ အမြဲရှိကြရန် မြို့နယ် (ပကဖ) က အသိပေးထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တနင်္သာရီတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ၃၄ ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်ခံမှု ၇ ကြိမ်ရှိခဲ့ကြောင်း သုတေသန အဖွဲ့ဖြစ်သည့် FE5 Tanintharyi က ထုတ်ပြန်ထားပါသည်။
သံလွင်တိုင်းမ် ပေးပို့သည်။