လေပြင်းတိုက်ခတ်ခံရပြီး ရခိုင် စစ်ဘေးရှောင်စခန်းတချို့ရှိ အဆောင်များ ထပ်မံပျက်စီးမှုများရှိနေ

0
266
ပုံစာ - လေပြင်းတိုက်ခတ်လို့ ရခိုင်စစ်ဘေးရှောင်စခန်းတချို့ရှိအဆောင်များ ထပ်မံပျက်စီး။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတချို့တွင် လေပြင်းတိုက်ခတ်သည့်ဒဏ်ကြောင့် အဆောင်များ ထပ်မံ ပျက်စီးမှုများ ရှိနေသည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၂ ရက်အထိ ရခိုင်ပြည်အတွင်း လေပြင်းတိုက်ခတ်ခဲ့တာကြောင့် မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် ပြန်လည်ပြုပြင်ထားသည့် စစ်ဘေးရှောင်စခန်းတချို့ရှိ အဆောင်များမှာ ထပ်မံပျက်စီးသွားကြောင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

တာပေါ်လင်ဖြင့် မိုးထားသည့် အဆောင်များဖြစ်သည့်အတွက် အမိုးအကာများ လေဖြင့် ပါသွားခြင်းဖြစ်ပြီး လက်ရှိတွင် ပြန်လည်ပြုပြင်ရန် အခက်အခဲရှိနေကြောင်း ကျောက်တော်မြို့နယ်၊ တောင်မင်းစစ်ဘေးရှောင် စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

“မိုခါကတည်းက သေချာ မဆောက်နိုင်သေးတဲ့ အဆောင်တွေ ရှိသေးတယ်လေ။ အဲဒီကတည်းက သေချာ ဆောက်ဖို့ ငွေကြေးမတတ်နိုင်ဘူး။ လက်ရှိမှာ နေလိုရတဲ့အဆင့် လုပ်ထားတာ။ ဒါပေမဲ့ အခုက လေတိုက်တော့ ပြန်ပါသွားတယ်။ လုပ်ဖို့ ငွေမတတ်နိုင်ဘူး” ဟု အဆိုပါစစ်ဘေးရှောင်က ပြောဆိုသည်။

စစ်ဘေးရှောင်များအနေဖြင့် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် နေအိမ်အဆောင်များကို ပြုပြင်ရန် ငွေကြေး မတတ်နိုင်သည့် အတွက် တာပေါ်လင်များဖြင့် ဖြစ်သလို ယာယီတည်ဆောက် ထားရခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

အလားတူ ရသေ့တောင်မြို့ရှိ တေဇရာမ စစ်ဘေးရှောင်စခန်းတွင်လည်း လေပြင်းတိုက်ခိုက်မှုကြောင့် အဆောင်တချို့ ပျက်စီးသွားခဲ့သည်ဟု စခန်းတာဝန်ခံက ဆိုသည်။

“အဆောင်တန်းတစ်ခုကတော့ အားလုံးပျက်သွားတယ်။ နောက် ကျန်တဲ့ အဆောင်တွေကလည်း အပေါ်ပိုင်း အခေါင်မိုးတွေက အကုန်ကွာသွားတယ်။ ကျနော်တို့ အဲဒါကို လက်ရှိမှာတော့ တာပေါ်လင်တွေနဲ့ ပြန်လည် လုပ်နေပါတယ်” ဟု အဆိုပါ စခန်းတာဝန်ခံက ပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် လေပြင်းတိုက်ခိုက်မှုအပြင် မိုးကြီးသည့်အတွက် ရေလွှမ်းမိုးမှုကိုပါ ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်များနှင့် စခန်းတာဝန်ခံများက ပြောသည်။

ကျောက်တော် ကဝိရတနာ စစ်ဘေးရှောင်စခန်းတွင်လည်း မိုးကြီးပြီး ဒီရေတက်သဖြင် ရေတက်နေသည်ဟု စစ်ရှောင်တစ်ဦးက အခုလို ပြောဆိုသည်။

“ဒီရေက အရမ်းတက်နေတယ်။ ကျမနဲ့က ရေက ပေါင်ရင်းလောက်ကို ရောက်တယ်။ တစ်ခုမှ သွားလို့ မရဘူး။ အိမ်ကလည်း ထွက်မရဘူး ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ မိုးတွင်းကာလ၌ စစ်ဘေးရှောင်များ အဓိကလိုအပ်သည့် အထောက်အပံ့များကို သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ပံ့ပို့ပေးစေလိုကြောင်း တိုင်းရင်းသားမျိုးနွယ်စု အထောက်အကူပြုကော်မတီမှ ဒါရိုက်တာ ဦးရွှေဖော်စိန်က ထောက်ပြပြောဆိုသည်။

“တာပေါ်လင်ကတော့ တစ်ခု ရတယ်ဆိုပါတော့။ အဲဒါကို လုပ်ဖို့အတွက် ဝါးလိုတယ်။ သစ်လိုတယ်။ အဲဒီလို မဟုတ်ဘဲ ဟိုဖက် အစနားကို ချည်းလိုက် ဒီဖက် အစနားကို ချည်းလိုက်နဲ့ ကာလိုက်တော့ သာမန်လေပြင်း တိုက်လိုက်တော့ ပါသွားတယ်။ တာပေါ်လင်က စုတ်ပြဲသွားတယ်။ ဒါပေမဲ့ အဲဒါတွေကို ဖြစ်သလိုပဲ နေနေကြ ရတယ်။ အဲဒါတွေကို ဘယ်အဖွဲ့က ကူညီပေးမလဲဆိုတာကို စစ်ဘေးရှောင်တွေက မျှော့်လင့်နေကြတယ်ဆိုတော့ လိုအပ်တဲ့ ထောက်ပံ့ပစ္စည်းတွေကို သက်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းသို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့တွေက ဘယ်နေရာကို ကူညီပေးဖို့ လိုအပ်လဲဆိုတာတွေကို လုပ်ဆောင်သင့်တယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များကို ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) က အဓိက ထောက်ပံ့ပေးနေခြင်းဖြစ်ကာ လက်ရှိတွင် WFP က ထောက်ပံ့ကြေး မရရှိသည်မှာ နှစ်လအထိ ကြာမြင့်နေပြီ ဖြစ်၍ စားဝတ်နေရေး အခက်အခဲရှိနေသည်ဟု စစ်ဘေးရှောင်များက ပြောဆိုကြသည်။

ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးစသည့် မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းတချို့မှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည်မှာ ၃ လ နီးပါးမျှကြာလာသည့် လက်ရှိအချိန်ထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း ထိုစခန်းတာဝန်ခံများက ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ် မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းကျော်ခန့် ရှိနေသေးကြောင်း စစ်ဘေးရှောင် ကူညီပေးသူများ၏ မှတ်တမ်းများအရ သိရသည်။ (NN-18)

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here