လေကြောင်းဗုံးကြဲမှု ဆက်တိုက်ခံရသည့် နောင်ချိုမြို့တွင် အရပ်သားထိခိုက်မှုများရှိနေ

By MPM 23 စက်တင်ဘာ, 2024 👁

သျှမ်းပြည်၊ နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီက စက်တင်ဘာ ၁၉ ရက်နေ့မှစပြီး လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုများရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

နောင်ချိုမြို့ပေါ် လူနေရပ်ကွက်နှင့် မြို့မစျေး၊ စာသင်ကျောင်းအနီးသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။

“မြို့ထဲတွေ ဗုံးချနေတာ အခုက စာသင်ကျောင်းနား၊ ဈေးနားလေ။ ပြီးတော့ လူနေအိမ်လည်းထိတယ်။ EPC ရုံးတို့ ရဲစခန်းတို့ဘက်မှာတော့ TNLA အလံထောင်ထားတယ်။ ဈေးပတ်ပတ်လည် ဈေးနားပဲ ၃ ခါရှိပြီ၊ စစ်ဘေးရှောင်ပြီး ပြန်လာနေတဲ့လူတွေလည်း အခုပြန်ထွက်ကုန်ကြပြီ” ဟု နောင်ချိုဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

နောင်ချိုမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီ၏ အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ဇူလိုင် ၁၀ ရက်နေ့တွင် TNLA က သိမ်းပိုက်လိုက်ပြီး၊ နောင်ချိုမြို့တမြို့လုံးကို ထိန်းချုပ်ထားနိုင်သည့်အတွက် စစ်ဘေးရှောင်များသည် နေရပ်ပြန်နေကြရာတွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် လက်ရှိ၌ ထပ်မံပြေးနေရကြောင်း နောင်ချိုမြို့ ဒေသခံများက ပြောဆိုသည်။

စက်တင်ဘာ ၂၁ ရက်နေ့နှင့် စက်တင်ဘာ ၂၂ ရက်နေ့တို့တွင် နောင်ချိုမြို့ပေါ် ဈေးရပ်ကွက်ရှိ မြို့မဈေး၊ အထက (၁)၊ ညဈေးတန်းအနီး ပွဲရုံဂိုဒေါင်နှင့် သဖန်းကိုင်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရမှု နှစ်ရက်အတွင်း နောင်ချိုမြို့ပေါ်တွင် အရပ်သား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ်နှင့် ဆိုင်ခန်းများလည်း ထိခိုက်ပျက်စီးခဲ့ရာတွင် ပြည်သူများက လေကြောင်းအန္တရာယ်ကို စိုးရိမ်နေကြကြောင်း သိရသည်။

နောင်ချိုဒေသခံအမျိုးသမီးက “ရုံးဟောင်းနားက အိမ်တွေဆို မအိပ်ရဲကြဘူး။ တခြားဝေးတဲ့နေရာ ရှာအိပ်ကြတယ်။ အဓိက စစ်သားတွေ ပြည်သူနဲ့ ရောနေတာမျိုး မဖြစ်စေချင်ဘူး။ ဖြစ်နိုင်ရင် အဝေးမှာနေစေချင်တာပေါ့၊ ဘယ်သူမှ အဲ့လိုမပြောရဲဘူးလေ။ အခုက အကုန်လုံးကို ကြောက်နေရတယ်။ ညဘက်တော့ TNLA ကင်းလှည့်တာရှိတယ် ကားနဲ့အသွားအလာစစ်တယ်” ဟု ဆက်ပြောသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးအပါအဝင် နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၁၅ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူနေအိမ် ၃၀ နီးပါး၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် စာသင်ကျောင်း ၁ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်၏ စက်တင်ဘာလဆန်း သျှမ်းပြည်တောင်ပိုင်း ခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များထံ လက်လွတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးပြီးနောက် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် လားရှိုးမြို့နှင့် နောင်ချိုမြို့များကို လေကြောင်းဖြင့် ခပ်စိပ်စိပ် ဗုံးကြဲတိုက်ခိုက်လာသည်။

ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို သတိထားကြရန်နှင့် စစ်ကောင်စီ၏ လုပ်ရပ်များကိုလည်း သတိထားစောင့်ကြည့်ထားရန် ညီနောင်မဟာမိတ်တပ်များက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၆ ရက်နေ့တွင် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် နယ်မြေဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ် တိုက်ခိုက်နေခြင်းအပေါ် တားဆီးဟန့်တားပေးရန် တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာမိသားစုများအားလုံးကို ညီနောင်မဟာမိတ် ၃ ဖွဲ့က တောင်းဆိုခဲ့ဖူးသည်။

သို့သော် စစ်ကောင်စီတပ်သည် လေကြောင်းအားကိုးဖြင့် ညီနောင်မဟာမိတ် ထိန်းချုပ်နယ်မြေများကို ဆက်လက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်နေသည်ဟု ညီနောင်မဟာမိတ်တပ်များက စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။