လေကြောင်းပစ်ကူပေးရသည်ထိ စစ်တွေတိုက်ပွဲ ပြင်းထန်လာနေ

By MPM 18 ဖေ‌ဖော်ဝါရီ, 2025 👁 5

ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညပိုင်းက စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ အမြင့်ကျွန်း ကျားမသောက်၊ ရွှေမင်းဂံ ရေတပ်အပါအဝင် စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၄ ခုထက်မနည်းကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲသည် ညနေ ၇ နာရီခန့်မှ ည ၉ နာရီကျော်အထိ ၂ နာရီကျော်ကြာပြင်းထန်ခဲ့ပြီး စစ်ကောင်စီကလည်း တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်တွေ – ပုဏ္ဏားကျွန်းအစပ်ရှိ နေရာများကို ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အရင်နေ့တွေကဆိုရင် လက်နက်ကြီးသံ သုံးကြိမ်မဟုတ်ရင် လေးကြိမ်လောက်ပဲ ကြားရတာ။ မနေ့က အကြိမ် ၄၀ လောက် ရှိနိုင်တယ်။ တိုက်ပွဲက အရင်ထက်ပြင်းတာ။ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပုဏ္ဏားကျွန်းအစပ်က ရွာတွေကို အဓိကဗုံးကြဲခဲ့တယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာအနီးကိုလည်း လေကြောင်းဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့နယ်အတွင်း ပစ်ခတ်သံများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီသည် ၎င်းတို့တပ်စခန်းများထံ စစ်အင်အားတိုးချဲ့မှုများ လုပ်ဆောင်နေသည်။

“စစ်ကောင်စီဘက်က ဒီနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းအစပ်နယ်ဖက်တွေကို လူအင်အား၊ လက်နက်အင်အားဖြည့်နေတာရှိတယ်” ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။

စစ်တွေမြို့နယ်တွင် ယခုနှစ်အစောပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားခြင်းများ ခပ်စိပ်စိပ်ရှိလာနေသော်လည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့ တိုက်ပွဲမှာ ယခင်တိုက်ပွဲများထက် ပို၍ပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က လက်နက်ကြီးသံတွေကြောင့် ညတောင် မအိပ်ရဲခဲ့ဘူး။ မြို့ထဲကို ကျလာမလား ဆိုပြီး စိုးရိမ်တာလေ။ အိမ်အပေါ်မှာ မအိပ်ရဲလို့ အောက်ကိုဆင်းပြီး ထိုင်နေခဲ့ရတယ်” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တွေမြို့တွင် ဒေသခံသောင်းနှင့်ချီ ရှိနေသေးပြီး တိုက်ပွဲပြင်းထန်လာမှုကြောင့် မြို့တွင်းနေ ဒေသခံများမှာ လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်နေသည်။

စစ်တွေမြို့နယ်ကို AA က လအတော်ကြာ ဝိုင်းရံပိတ်ဆို့ပြီးနောက် ယခုနှစ်အတွင်းမှစ၍ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခြင်းများရှိလာနေ၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း AA သည် မြို့နယ် ၁၅ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင်က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့ကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။