လူမျိုးစုအချင်းချင်းညီညွတ်ရေးမှ တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ရှေ့ရှုဖို့ NUG တိုက်တွန်း

By MPM 5 မတ်, 2025 👁 5

လူမျိုးစုအချင်းချင်းအကြားညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြဖို့လိုအပ်သည်ဟု CC နှင့် ICNCC/ CB တို့ ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်းမှုကို သာဓကပေးပြီး NUG အစိုးရ ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုသည်။

မတ်လ ၄ ရက်နေ့က ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျနော်အနေနဲ့ ဒီနေ့ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ တော်လှန်ရေးအင်အားစုများအကြား ဘုံညီညွတ်ရေး တည်ဆောက်နိုင်ဖို့ကိစ္စကို အလေးအနက်ထား ပြောကြားချင်ပါတယ်။ ဘုံညီညွတ်ရေးလို့ ပြောတဲ့နေရာမှာ၊ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်သုတ်သင် ချေမှုန်းရေးအတွက် အထူးပြု ရည်ရွယ်တာဖြစ်ပါတယ်” ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

လက်ရှိတွင် ချင်းပြည်ကောင်စီ (CC) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) တို့အကြား ဘုံပေါင်းစည်းမှုတရပ် လုပ်ဆောင်နိုင်ရန် ခြေလှမ်းစနိုင်တော့မည်ဖြစ်ကြောင်း ကြားသိရတာကြောင့် NUG အစိုးရက ဝမ်းသာဂုဏ်ယူမိသည်ဟု ယာယီသမ္မတက ပြောဆိုသည်။

နွေဦးတော်လှန်ရေးတွင် ချင်းတော်လှန်ရေးအင်အားစုများ၏ ညီညွတ်ရေးသည် တခြားသော လူမျိုးစုတော်လှန်ရေးအဖွဲ့များအတွက် ကနဦးစံပြဖြစ်လာရန် လိုသည်ဟု ယာယီသမ္မတက တိုက်တွန်းသည်။

“စစ်အာဏာရှင်တော်လှန်ရေးမှာ အဖွဲ့ပေါင်းများစွာ ထွက်ပေါ်လာတာဟာ အင်အားတရပ်ဖြစ်တယ်ဆိုပေမယ့် တော်လှန်ရေး အဖွဲ့တွေအားလုံးကို ဘုံညီညွတ်ရေးတည်ဆောက်နိုင်ပြီး တစုတစည်းတည်း စုဖွဲ့နိုင်ခြင်းက ပိုပြီး အားကောင်းမှုကိုဖြစ်စေတယ်လို့ ပြောချင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် “အကွဲအပြဲဇာတ်လမ်း” များ ပြည့်နှက်နေသည်ကိုတွေ့ရှိနိုင်ပြီး လက်ရှိနွေဦး တော်လှန်ရေးတွင် အတတ်နိုင်ဆုံး စုစည်းညီညွတ်မှုကို ထိန်းထားနိုင်မှ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ချနိုင်ရေးကို “ဆုံးခန်းတိုင်သည်အထိ လုပ်ဆောင်နိုင်မှာ” ဖြစ်သည်ဟု ယာယီသမ္မတဒူဝါလရှီးလက ဆိုသည်။

စစ်အစိုးရအဆက်ဆက်သည် လူမျိုးစုညီညွတ်ရေးကို မလိုလားသလို၊ တော်လှန်ရေးအင်အားစုများ အချင်းချင်းအကြား စုစည်းပေါင်းစည်းသွားမှာကို မလိုလားသောကြောင့် စစ်ကောင်စီဝမ်းသာအောင် မလုပ်သင့်ကြောင်း ယာယီသမ္မတက သတိပေးသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မီဇိုရမ်ပြည်နယ်တွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် CC နှင့် ICNCC/ CB တို့သည် “ချင်းအမျိုးသားကောင်စီ” အမည်ဖြင့် ပြန်လည်ပေါင်းစည်းနိုင်ရေး သဘောတူညီချက်ရရှိခဲ့ပြီး ချင်းအမျိုးသား ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကိုလည်း ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။

မတ်လ ၄ ရက်နေ့က ပြုလုပ်သော NUG အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး တိုင်းဖက်ဒရယ်ယူနစ် ပေါင်းစပ်ညှိနှိုင်းရေးနှင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်းပုံနှင့် လုပ်ငန်းလမ်းညွှန်ကို တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။

KMG ပေးပို့သည်။