လိင်အကြမ်းဖက်မှု ကျူးလွန်ခံရသူများက ကျူးလွန်ခံရမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ရန်လိုဟု BWU ဆို

By MPM 22 စက်တင်ဘာ, 2024 👁

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့တွင် လိင်အကြမ်းဖက်ကျူးလွန်မှုများ ပိုများလာခဲ့ကြောင်းနှင့် လိင်အကြမ်းဖက်မှုခံရသော အမျိုးသမီးများအတွက် အမှန်တရားပေါ်ပေါက်ရေးတွင် ထိခိုက်ခံစားရသည့် အမျိုးသမီးများ၏ အသံများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ရန်အရေးကြီးသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ပြောဆိုလိုက်သည်။

လိင်အမြတ်ထုတ်မှု ကျူးလွန်သူများကို အရေးယူနိုင်ရန်အတွက် တရားမျှတမှုဖော်ဆောင်ရာတွင် ကျူးလွန်ခံနေရသော အမျိုးသမီးများ၏ အသံများမှာ အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်သည်ဟု BWU အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးက စက်တင်ဘာ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ရုပ်ရှင်တိုပြသပွဲတွင် ပြောဆိုသည်။

“အမှုတွေက များလာတယ်။ ကျမတို့ ခန့်တောင်မခန့်မှန်းနိုင်ဘူးပေါ့နော။ သို့သော်လည်းပဲ အမှုတွေကို ဒီလို အသံတွေ တရားမျှတမှု ရရှိဖို့ပဲဖြစ်ဖြစ်၊ သူတို့ အကူအညီလိုအပ်နေတဲ့ အခက်အခဲပဲဖြစ်ဖြစ်၊ မတရားမှုတွေကို ဖော်ထုတ်တဲ့ နေရာများပဲဖြစ်ဖြစ် ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ကြောက်ရွံ့ရတဲ့ဟာမျိုးတွေ ရှိနေတယ်” ဟု နော်ခင်စန်းထွေးက ပြောသည်။

မြန်မာလူမှုအသိုင်းအဝန်းနှင့် စစ်ရေးပဋိပက္ခများအတွင်း လိင်အမြတ်ထုတ်မှုခံရသည့် အမျိုးသမီးများအတွက် နစ်နာရမှုတို့ကို ထုတ်ဖော်ပြောဆိုရာတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှု အခြေအနေများနှင့် ပတ်သက်၍ နော်ခင်စန်းထွေးက ယခုကဲ့သို့ ဆက်ပြောသည်။

“သူတို့ ဒီလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတယ် ဆိုတဲ့ဟာတွေကို သူတို့တွေက တိုင်ကြားဖို့နေရာမှာ စိန်ခေါ်မှု တွေ အရမ်းရှိတယ်။ ထုတ်ဖော်ပြောဆိုမဲ့ နေရာမှာ အရမ်းကို စိန်ခေါ်မှုရှိတယ်ပေါ့။ အဓိကတော့ သူတို့ရဲ့ လုံခြုံ ရေးပေါ့နော။ သူတို့က အထူးသဖြင့် သူတို့ကို ပြုကျင့်သွားတဲ့သူတွေက သူတို့နဲ့ နယ်မြေတစ်ခုထဲမှာ တူတူရှိ နေ တာမျိုး၊ ရပ်ကွက်တစ်ခုထဲမှာ တူတူရှိတာမျိုးဆိုရင် သူတို့ရဲ့ လုံခြုံရေးတွေကြောင့် သူတို့ ထုတ်ဖော်ပြောဆိုဖို့ အခက်အခဲတွေ ရှိတယ်။ နောက်တခုကတော့ ထုတ်ဖော်ပြောဆိုရင် မိသားစုကို ဘာလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှု တွေကြောင့် ထုတ်ဖော်မပြောတဲ့ဟာမျိုးတွေ ရှိတယ်။”

မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ရေးပဋိပက္ခအတွင်း ရည်ရွယ်ချက်ရှိရှိ စစ်လက်နက်တခုကဲ့သို့ အသုံးပြုနေမှုက လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော်အချိန်တည်းက ကျူးလွန်နေခဲ့ကြသည်ဟု BWU က ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်နှင့်အတူ ဖိုဝါဒလွှမ်းမိုးမှုတို့ကြောင့် သာမန်လူမှုဘဝများအတွင်း၌ဖြစ်စေ၊ စစ်ပွဲများအတွင်း၌ဖြစ်စေ၊ အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်မှုများနှင့် လိင်အကြမ်းဖက်မှုများ၊ ဖြစ်ရိုးဖြစ်စဉ်သဖွယ် တည်ရှိနေခဲ့သည်ဟု BWU က ထောက်ပြသည်။

အဆိုပါအကျိုးဆက်များကြောင့် ကျူးလွန်ခံရမှုများမှ ရှင်သန်လွတ်မြောက်လာသူများအနေဖြင့် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကြီးမားစွာထိခိုက်ခဲ့ရပြီး စိတ်ဒဏ်ရာများစွာဖြင့် ဘဝရှင်သန်ရေးကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်ဟု BWU က ပြောဆိုသည်။

နော်ခင်စန်းထွေး “မြန်မာပြည်ကြီး အပြောင်းအလဲတစုံတရာ ဖြစ်ပြီးတော့မှ ကျမတို့ ဒီတရားမျှတမှု ဖော်ဆောင်မဲ့ အခန်းကဏ္ဍ ရောက်လာတဲ့အခါကြတော့ အခုကျမတို့ ကောက်ထားတဲ့ အချက်အလက်တွေက အရမ်းကို အရေးကြီးတဲ့နေရာတစ်ခုကနေ ပါလာလိမ့်မယ်။ သက်သေတွေဖြစ်တယ်။ နောင်တစ်ချိန် တရားမျှတမှုကို ရှာဖွေတဲ့နေရာမှာ အထောက်အကူပြုစေဖို့ ဖြစ်တယ်ပေါ့နော်” ဟု ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင်လည်း ပြည်နယ်နှင့် တိုင်းဒေသအသီးသီးတွင် လိင်အကြမ်းဖက်မှုများ ပိုများလာခဲ့သည်ဟု BWU က ဆိုသည်။

လိင်အမြတ်ထုတ်မှုများကို စစ်အုပ်စုက ကျူးလွန်နေသည့်အပြင် တော်လှန်ရေးအင်အားစုများက ကျူးလွန်နေသည့် ကိစ္စရပ်များလည်း ရှိနေသည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ရေးပဋိပက္ခများအပြင် အဆိုပါ ပဋိပက္ခများထဲ အမျိုးသမီးများကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်နိုင်ရန် အရေးကြီးသည်ဟု (BWU) က ပြောသည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အတွက် BWU သည် ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသူများ၏ အသံများကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ်ရန် ရည်ရွယ်၍ ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်လမ်းတိုများကို မိတ်ဆက်ခြင်း၊ ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ အကျိုးသက်ရောက်မှုများကို ဆွေးနွေးခြင်းတို့ကို စက်တင်ဘာ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

NMG ပေးပို့သည်။