သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အတွင်းကို ၁၃ မျဥ်းစောင်း လရန နိုင်ငံသားစိစစ်ရေးမှတ်ပုံတင် ကိုင်ဆောင်ထားသော ဒေသခံများသာ ဝင်ရောက်နိုင်ကြောင်း လားရှိုးမြို့ဒေသခံများထံမှ သတင်းရရှိသည်။
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက်ဒေသခံများသည် နီးစပ်ရာမြို့နှင့် ဆွေမျိုးထံသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး သြဂုတ် ၃ ရက်တွင် MNDAA တပ်က လားရှိုးမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။
သို့သော် လားရှိုးမြို့အတွင်း ကိုးကန့်တပ်ဖွဲ့၏ စစ်ဆေးမှုများရှိနေပြီး ၁၃ မျဥ်းစောင်း လရန (၁၃ / လရန (နိုင်) နိုင်ငံသားစိစစ်မှတ်ပုံတင် ကိုင်ဆောင်ထားသော ဒေသခံများကိုသာ မြို့အတွင်းသို့ ဝင်ရောက်ခွင့်ပြုကြောင်း လားရှိုးမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အခုလောလောဆယ်တော့ လွတ်လွတ်လပ်လပ်သွားလာလို့ရတဲ့ အနေအထားတော့ရှိတယ်။ ဒါပေမဲ့ ကိုးကန့်တပ်ဖွဲ့တွေက ရပ်ခိုင်းရင်တော့ ရပ်ပေါ့ဗျာ။ သူတို့က ဘယ်သွားမလဲ ဘာညာတော့ မေးလိမ့်မယ်၊ ဖြေနိုင်ရင်တော့ သူတို့လည်း ပေးသွားတယ်။ လားရှိုးကိုဝင်ရင် မှတ်ပုံတင်က လားရှိုးကဖြစ်ရမယ်။ လားရှိုးက မှတ်ပုံတင်မဟုတ်ရင် ဝင်လို့မရဘူး” ဟု အဆိုပါအမျိုးသားက ပြောသည်။
လက်ရှိတွင် လားရှိုးမြို့တွင် တိုက်ပွဲများ ငြိမ်သက်နေပြီး လားရှိုးမြို့ရှိ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ရပ်ကွက် (၅) အတွင်းသို့ လွတ်လပ်စွာ သွားလားနိုင်ပြီဟု ၎င်းက ဆက်ပြောသည်။
ထိုအပြင် လားရှိုးမြို့အတွင်း၌ ကိုးကန့်တပ်ဖွဲ့က ဦးဆောင်၍ ကျန်ရှိနေသော မြို့ခံပြည်သူတချို့နှင့်အတူ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့သည့် လူသေအလောင်းများကို မီးရှို့ခြင်း၊ မြို့တွင်း၌ သန့်ရှင်းရေးများ လုပ်ဆောင်ပေးနေကြောင်း အထက်ပါလားရှိုးမြို့ခံအမျိုးသားက ဆက်ပြောသည်။
“အဓိက လမ်းမကြီးတွေပေါ့။ လူသေအလောင်းတွေလည်း တွေ့ပါတယ်။ အလောင်းတွေရင်တော့ ရှင်းတယ်။ အလောင်းတွေကို လိုက်ရှာပြီး ရှင်းတာတော့ မရှိသေးဘူး။ လမ်းပေါ်မှာ သေနေတဲ့အလောင်းတွေကိုတော့ သဲတွေဖုံး၊ ကားတာယာနဲ့အုပ်ပြီး မီးရှို့တာပေါ့။ အခုအလောင်းသွားမြုပ်ဆိုလည်း ဘယ်သူမှမသွားရဲတော့ဘူး။ အိမ်ဝန်း၊ ခြံဝန်းထဲမှာ သေနေတဲ့အလောင်းတွေတော့ မတွေ့ရင် မကောက်ဘူးပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
လားရှိုးမြို့တွင် ကျန်ရှိနေကြသော ဒေသခံတချို့သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်နေ ကြကြောင်းနှင့် အခြားမြို့သို့ ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများလည်း နေရပ်သို့ပြန်လာရန် စိုးရိမ်နေ ကြကြောင်း လားရှိုးမြို့ခံအမျိုးသားက ဆက်ပြောသည်။
“ကျနော်တို့ကတော့ လေယာဉ်ကိုပဲကြောက်တယ်။ ပြီးတော့ အရမ်းကြောက်ဖို့ကောင်းတာတစ်ခုက ညဘက် ကျနော်တို့ အိပ်ပျော်နေတဲ့အချိန်မှာ လေယာဉ်နဲ့ ဗုံးလာကြဲမှာကို အကြောက်ဆုံးပဲ။ လောလောဆယ် ပြည်သူတွေ တော့ မပြန်ရဲကြသေးဘူး။ လေယာဉ်နဲ့ ဗုံးလာကြဲမှာကို ကြောက်တာ၊ စိုးရိမ်တာကြောင့်လည်း ပြန်မလာနေ ကြသေးဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိ၌ လားရှိုးမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ သွားလာလှုပ်ရှားနေပြီး၊ လားရှိုးမြို့ အကျဉ်းထောင်တွင်လည်း အကျဉ်းသား ၆၀၀ ကျော် ကျန်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို အလုံးစုံသိမ်းပိုက်မှုအတွင်း စစ်သည်နှင့် မိသားစုဝင် ၄,၇၀၀ ကျော် အလံဖြူထောင် လက်နက်ချခဲ့ကြောင်းနှင့် ထိပ်တန်းစစ်သည်အရာရှိကြီး ၃ ဦး ကို ကိုးကန့်တပ် MNDAA ဘက်က ဖမ်းမိထားသည်ဟု ဆိုသည်။
လားရှိုးမြို့ပေါ်တွင် နှစ်ဘက်တိုက်ပွဲများကြားတွင် ထိခိုက်သေဆုံးခဲ့သူများရှိခဲ့ပြီး မြို့တွင်းတွင် သေဆုံးသူ ရုပ်အလောင်းများ မကောက်နိုင်အောင်ရှိနေကြောင်း ဒေသခံများက ပြောပါသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်စပြီး ဇူလိုင် ၃၁ ရက်အထိ သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအတွင်း အရပ်သားစုစုပေါင်း ၁၃၀ ကျော်သေဆုံးပြီး ၁၇၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။