လားရှိုးမြို့တွင် ပွဲအမျိုးမျိုးအကြောင်းပြ၍ ၃ လ နီးပါးကြာ လောင်းကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်နေ

By MPM 21 မတ်, 2025 👁 4

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပွဲအမျိုးမျိုးအကြောင်းပြပြီး ၃ လနီးပါးကြာအထိ လောင်းကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်နေကြောင်း မြို့ခံများပြောဆိုမှုအရ သိရသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်၍ လက်ရှိ မတ်လအထိ ၃ လနီးပါးကြာ ပွဲအမျိုးမျိုးအကြောင်းပြကာ လောင်းကစားဝိုင်းများကို MNDAA ခွင့်ပြုချက်ဖြင့် အကြီးအကျယ် ဆက်တိုက်ဖွင့်လှစ်နေကြောင်း လားရှိုးမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခု ဘုရားပွဲမှာ ၁၀ ရက်လောက်လုပ်တာ။ အဲဒါကို လောင်းကစားဝိုင်းတွေပါ လုပ်တယ်။ ၃ လလောက် လားရှိုး မှာက ပွဲတွေဆက်တိုက်လုပ်နေတာ။ တနေရာပြီး တနေရာလုပ်နေတာ လုပ်တဲ့နေရာတိုင်းမှာလည်း လောင်း ကစားဝိုင်းက ရှိတယ်။ ဇန်နဝါရီလကတည်းကစတာ ခုထိ” ဟု အဆိုပါ လားရှိုးမြို့ခံအမျိုသားက ပြောသည်။

ထိုသို့ လောင်းကစားဝိုင်းများ ပေါများလာခြင်းသည် တရုတ်နှစ်သစ်ကူး ကာလမှစ၍ တပေါင်းပွဲအချိန်ထိ ပွဲအကြောင်းပြကာ လောင်းကစားဝိုင်းများကို အဆက်မပြတ် ဖွင့်လှစ်ခွင့်ပြုထားခြင်းကြောင့် ခိုးဆိုးလုနှိုက်နှင့် ဓားပြတိုက်မှုအန္တရာယ်အပြင် လုံခြုံရေးစိုးရိမ်ရကြောင်း လားရှိုးမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုကတော့ သူခိုးတွေပေါလာတယ်။ နာရေးတောင် မကျန်ဘူး၊ ဂုံးဂင်းဝိုင်းတွေက ရှိတယ်။ ပြည်သူတချို့အတွက်တော့ အခက်အခဲ ဖြစ်စေတယ်။ တချို့ကြတော့လည်း ရှာလို့ရသလောက်နဲ့ လာလောင်းပြီး သွားဆော့၊ ပြီးရင် အကုန်ရှုံး။ တချို့လည်း အိမ်မှာနေပြီး ခိုးတာတွေကို သတိထားနေရတာပေါ့။ သင်္ကြန်မှာတောင် လောင်းကစားဝိုင်းတွေ ရှိမယ်လို့ ပြောသံကြားနေရတာ” ဟု အဆိုပါ မြို့ခံအမျိုးသားက ဆက်ပြောသည်။

လားရှိုးမြို့တွင် ဂုံးဂင်းဝိုင်း၊ ရှမ်းကိုးမီး ဖဲဝိုင်း၊ ငါးပစ်ဝိုင်း စသည့် လောင်းကစားဝိုင်းအမျိုးမျိုး ဖွင့်လှစ်ထားပြီး၊ ထိုလောင်းကစားဝိုင်း ဖွင့်လှစ်ထားသော ဒိုင်များသည် ကိုးကန့်တပ်ဖွဲ့ MNDAA ထံ အခွန်ပေးဆောင်ကာ ခွင့်ပြုချက်ရယူပြီး ဖွင့်လှစ်ကြကြောင်း သိရှိရသည်။

အဆိုပါ လောင်းကစားဝိုင်းများသည် MNDAA ထံ အခွန်ပေးဆောင်ကာ လားရှိုးမြို့၌ ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ထားပြီး၊ လက်ရှိ MNDAA ထိန်းချုပ်ထားသော ဒေသများတွင် လောင်းကစားဝိုင်းများအပြင် KTV ၊ မာဆက် အနှိပ်ဆိုင်များနှင့် ပြည့်တန်ဆာလုပ်ငန်းများလည်း ပိုမိုပေါများလာကြောင်း ဒေသခံများက ပြောဆိုသည်။

လားရှိုးမြို့ပေါ်တွင် ပြည့်တန်ဆာလုပ်ငန်းအတွက် ပိုစတာများကပ်ပြီး ပွင့်လင်းစွာ ကြော်ငြာသည်အထိ ဈေးကွက်ရှာဖွေလာကြကြောင်း မြို့ခံများပြောဆိုမှုအရ သိရသည်။

လားရှိုးမြို့တွင် သင်္ကြန်ပွဲတော်ကျင်းပရန်အတွက် MNDAA က အစည်းအဝေးခေါ်ယူခဲ့ပြီး ဧပြီလ ၁၃ ရက်မှ ၁၇ ရက်နေ့အတွင်း သင်္ကြန်အကြိုနေ့မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ငါးရက်တိုင်တိုင် လားရှိုးမြို့တော်ခန်းမတွင် ဗဟိုမဏ္ဍပ်ထားရှိကာ ရပ်ကွက်အလိုက် ယိမ်းအကအဖွဲ့များနှင့် တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။