လားရှိုးမြို့ကို စစ်ကောင်စီလေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးရှိ

By MPM 9 စက်တင်ဘာ, 2024 👁

သျှမ်းပြည်၊ လားရှိုးမြို့ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၉ ရက် နံနက် ၁၀ နာရီကျော်တွင် လေယာဉ်နှင့် လာရောက် ဗုံးကြဲချခဲ့ကြောင်း လားရှိုးမြို့ခံများက ပြောသည်။

လားရှိုးမြို့ ရပ်ကွက် (၁) ဗျူဟာလမ်းနှင့် ထွေအုပ်ရုံးအနီးတဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံး ၂ လုံး ကြဲချသွားသည်ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုနံနက်အစောပိုင်းကဘဲ လားရှိုးမြို့ကို ထပ်လာကြဲသွားတာပါ။ ဗျူဟာလမ်းနဲ့ ထွေအုပ်ရုံးအနီးကို လာကြဲသွားတယ်။ အခုကျမတို့လည်း အဆောက်အဦး ခိုင်ခန့်တဲ့နေရာမှာ ပြေးပုံးနေကြရတာ” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

စစ်ကောင်စီတပ်၏ ယင်းသို့လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရသူ အရပ်သား ၁၂ ဦးရှိပြီး ပျက်စီး ဆုံးရှုံးမှုအခြေအနေနှင့် ထိခိုက်မှုအသေးစိတ်ကို ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က စက်တင်ဘာလ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ပုံစာ – လားရှိုးမြို့ စက်တင်ဘာ ၈ ရက်နေ့က လေကြောင်းနှင့် တိုက်ခိုက်ခံခဲ့ရပြီးမြင်ကွင်း။

အလားတူ စက်တင်ဘာလ ၈ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက် ၁၂ အားကစားကွင်းနှင့် Silver Sky ဟိုတယ်ကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲခဲ့တာကြောင့် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်တွင်လည်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲခဲ့သေးကြောင်း ဒေသခံတို့က ဆက်ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းနှင့် တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာခြင်းကြောင့် စစ်ဘေးရှောင်ဒေသခံပြည်သူများ နေရပ်ပြန်နေထိုင်ရန် ခက်ခဲနေဆဲဖြစ်ပြီး လေကြောင်းအန္တရာယ်အပေါ် စိုးရိမ်မှုများ ရှိနေကြသည်။

လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ပြီးနောက် ၁ လကျော် ကာလအတွင်းမှာပင် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။