လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

By MPM 10 ဇူလိုင်, 2026 👁 25

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင် ၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် ရပ်ကွက် (၁၀) နေ အသက် (၃၈) နှစ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦး အခင်းဖြစ်ပွဲနေရာ၌ပင် သေဆုံးခဲ့ပြီး ရပ်ကွက် (၆) တွင်လည်း လူတစ်ဦး ရှော့တိုက်ဒုံးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရပ်ကွက် ၁၀ မှာနေတဲ့ တစ်ယောက်ကတော့ နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားတာပါ။ နောက် ရပ်ကွက် ၆ မှာနေတဲ့ တစ်ယောက်ကတော့ ရှော့တိုက်ဒုံးအစထိမှန်ပြီး ဒဏ်ရာရသွားတတယ်။ ရှော့တိုက်ဒုံးကတော့ ဆင်တောင်ဘက်နေလာတယ်လို့ပြောကြတယ်။ မြင်တဲ့လူတွေလည်း ရှိတယ်။ မြို့ထဲကို ၄ လုံးကျတာပါ” ဟု လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင် ကျရောက်ပေါက်ကွဲခဲ့သည့် ရှော့တိုက်ဒုံးများသည် လားရှိုး-မိုင်းယော်လမ်းပေါ်ရှိ ဆင်တောင်ကျေးရွာဘက်မှ ပစ်ခတ်လာသည်ဟု ဒေသခံများက ပြောသည်။

ထိုဆင်တောင်ကျေးရွာသည် လားရှိုးမြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးကြောင်းသိရသည်။

လက်ရှိတွင် လားရှိုးမြို့အတွင်းကို စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားသော်လည်း မြို့ပြင်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထိန်းချုပ်ထားသည်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်တွင်လည်း လားရှိုးမြို့ရှိ စစ်ကော်မရှင်တပ် ခြေလျင်တပ်ရင်း (၄၁) တပ်ထဲတွင် ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

သျှမ်းသံတော်ဆင့်