လားရှိုး အမှတ် (၂) ရဲစခန်း အပါအဝင် စစ်ကောင်စီစခန်း ၂ နေရာ ပစ်ခတ်ခံရ

By MPM 5 ဇွန်, 2023 👁

သျှမ်းပြည်၊ လားရှိုးမြို့လယ်ရှိ အမှတ် (၂) ရဲစခန်း အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့စခန်း ၂ နေရာကို ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက် နံနက်ပိုင်း ၃ နာရီ ဝန်းကျင်တွင် လားရှိုးမြို့လယ်၊ ကန်မိန်းကျောင်းအတွင်းသို့ ကိုးကန့်တပ်ဖွဲ့က ဝင်ရောက်လာပြီး၊ ရပ်ကွက် ၁၂ ရှိ စစ်ကောင်စီလက်အောက်ခံ အမှတ် (၂) ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လားရှိုးမြို့ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၃ နာရီလောက်မှာ ပစ်ခတ်သံတွေ စတင်ထွက်လာတယ်။ ကိုးကန့်အင်အား ၈၀ ကျော်လောက်က ကန်မိန်းကျောင်း အနီးမှာ နေရာယူပြီးတော့ အမှတ် (၂) ရဲစခန်းကို ပစ်တာ၊ ပစ်ခတ်မှုက နာရီဝက်လောက်တော့ ကြာသွားတယ်။ ရဲစခန်းဘက်က ထိခိုက်သေဆုံးမှုတွေရှိမယ် ထင်တယ်။ အသေးစိတ်တော့ မသိရသေးဘူးÓ ဟု လားရှိုးမြို့ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ အမှတ် (၂) ရဲစခန်း ပစ်ခတ်မှုတွင် လက်နက်ကြီးလက်နက်ငယ် အသုံးပြုမှုရှိပြီး ရဲစခန်း တံခါးပေါက်နှင့် အုတ်တံတားများတွင် ကျည်ဆံများထိမှန်သည့် အပေါက်များ ရှိနေကြောင်း သိရသည်။

ပုံစာ- ပစ်ခတ်မှုအပြီးမြင်တွေ့ရသည့် လက်နက်ကြီးကျည်နှင့်ကျည်ဆံခွန်များ

အမှတ် (၂) ရဲစခန်းဘက်က ပစ်ခတ်သံများသည် နာရီဝက်နီးပါး ကြာမြင့်ပြီး၊ ထိုသို့ ပစ်ခတ်သံ ထွက်ပေါ်လာပြီး မရှေးမနှောင်းတွင် လားရှိုးမြို့နယ် မန်အိုင်ကျေးရွာဘက်တွင်လည်း ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း သိရသည်။

လားရှိုးမြို့နေ အမျိုးသားတစ်ဦးက “မန်အိုင်ဘက်ကို တက်လာတဲ့ ကိုးကန့်တပ်ဖွဲ့က ကုန်းညောင် လမ်းကြောင်းကနေ တက်လာတာ၊ ကင်းစောင့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သေနတ်နဲ့ အချက် ၁၀ ချက်လောက်၊ လက်နက်ကြီး ၂ လုံးလောက် ပစ်ပြီးတော့ ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ စစ်ကောင်စီက လူနေအိမ် ရွာတွေထဲ နေရာယူပြီးတော့ တစ်ဖက်သတ် ဆက်ပစ်တာ ၁၀ မိနစ် ကျော်သွားတယ်Ó ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မန်အိုင်ကျေးရွာအတွင်း ဝင်ရောက်နေရာယူပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ကို လိုက်လံ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းတွင် ကျည်ဆံများ၊ လက်နက်ဗုံးခွံများကို မြင်တွေ့ရကြောင်း ဒေသခံများက ဆက်ပြောသည်။

မန်အိုင်ကျေးရွာဘက်မှ ပစ်ခတ်မှုများ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး မန်အိုင်ဘက်မှ ကိုးကန့်တပ်ဖွဲ့သည် ကန်မိန်းကျောင်းနားရှိ အဖွဲ့ကို ထွက်ပေါက်လွယ်ကူစေရန် စစ်ကူသဘောမျိုးဖြင့် လာရောက်ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်းလည်း လားရှိုးမြို့ခံအမျိုးသားက ဆက်ပြောသည်။

“ကျနော်တို့အထင် ပြောရတာပေါ့နော်။ ဘာလို့လဲဆိုရင် အမှတ် (၂) ရဲစခန်းနဲ့ မန်အိုင်ရွာက တောင်နဲ့မြောက်လို ဖြစ်နေတယ်။ ဆိုတော့ ကိုးကန့်တပ်ဖွဲ့က မြို့တွင်း (ကန်မိန်းကျောင်း) မှာ ရှိတဲ့ အဖွဲ့တွေ ပြန်ထွက်ရလွယ်အောင်၊ စစ်ကောင်စီ ဗျာများအောင် လုပ်လိုက်တဲ့သဘောလို့ပဲ မြင်မိတယ်။ ကိုးကန့်လို့ ပြောနိုင်တာလည်း သူတို့ ဘက်တံဆိပ်တို့ကို တွေ့ရတယ်လေÓ ဟု အထက်ပါ အမျိုးသားက ဆိုသည်။

စစ်ကောင်စီနှင့် လားရှိုးမြို့တွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နှင့် ဇွန် ၂ ရက်အထိ ညီနောင်မဟာမိတ် သုံးဖွဲ့နှင့်အတူ မိုင်းလားမြို့၌ စစ်ကောင်စီလက်အောက်ခံ NSPNC နှင့် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် ၁ နှစ်ကြာ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိနေဆဲဖြစ်သည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်