လက်နက်ကိုင်ဆောင်သူများကြောင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် စိန်ခေါ်မှုဖြစ်နေကြောင်း KSP ပြောဆို

By MPM 27 ဩဂုတ်, 2024 👁

ကရင်နီ (ကယား) ပြည်တွင် မှုခင်းဖြစ်ပွားမှုများလာသည့်အပြင် အလွယ်တကူ လက်နက်ကိုင်ဆောင်ခွင့်ရနေတာကြောင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေရသည့် ကရင်နီပြည်ရဲဌာန KSP အတွက် စိန်ခေါ်မှုတစ်ခုဖြစ်စေသည်ဟု KSP သတင်းနှင့်ပြန်ကြား‌ရေးက ပြောဆိုသည်။

“ကျနော်တို့က အခုမှစဖွဲ့တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် လူအင်အား၊ လက်နက်အင်အားပြည့်စုံမှုက ရှိသင့်သလောက် မရှိသေးဘူး‌ပေါ့နော။ ကျနော်တို့ ဖမ်းမဲ့တရားခံတွေက လက်နက်တွေ ဘာ‌တွေကိုင်ထားမယ်ဆိုလို့ရှိရင် ကျနော်တို့ တော်‌တော်သတိထားရမယ်ပေါ့နော” ဟု KSP သတင်းနှင့်ပြန်ကြား‌ရေးတာဝန်ခံ ကိုဘိုဘိုက ပြောသည်။

ဆက်လက်ပြီး ကိုဘိုဘိုက “ကျနော်တို့အပေါ် ပြန်ပြီးတော့ အန္တရာယ် ပြန်ရှိလာနိုင်တာမျိုးပါ။ တော်လှန်ရေးကာလဖြစ်လို့ လူတိုင်းကလက်နက်ကိုင်ပြီး တော်လှန်နေကြတာ ဖြစ်တဲ့အတွက် အဲ့အပေါ်မှာ တချို့က အခွင့်ကောင်းယူပြီးမှ မကောင်းတဲ့နေရာမှာ အသုံးချတာ အဲ့လိုပုံစံမျိုးလေးပါ” ဟု ပြောဆိုသည်။

တော်လှန်ရေးကာလထဲ ကရင်နီပြည်၌ အာဏာသိမ်းကာလတွင်း ဖွဲ့စည်းထားသည့် KNDF၊ PDF အပါအဝင် ရှိနှင့်ပြီးသား လက်နက်ကိုင်တပ်ဖွဲ့တွေ ၅ ဖွဲ့ထက်မနည်းရှိနေပြီး ထိုလက်နက်ကိုင်အဖွဲ့အများစုထဲတွင်လည်း ဒေသခံလူထုများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

“၃” နှစ်တာ ကာလအတွင်း တော်လှန်ရေးထိန်းချုပ်နယ်မြေတွင် ရဲစခန်း (၁၄) ခု၊ လုံခြုံရေးရဲကင်း (၁၃) ခုနှင့် မြို့နယ်ရဲဌာနရုံး (၅) ခုကိုလည်း ဖွဲ့စည်းထားသော်လည်း ရဲဝန်ဆောင်မှုလုပ်ငန်းစဥ် ဆောင်ရွက်ရန်အတွက် KSP တပ်သား အရေအတွက်မှာ လိုအပ်တာထက် လျော့နည်းနေသည်ဟု ကိုဘိုဘိုက ဆက်ပြောဆိုသည်။

“အမှန်တကယ် ကျနော်တို့ပြည်နယ်ရဲ့ အနေထားအရ အနည်းဆုံး KSP က လူဦးရေ ၁၀၀၀ လောက် လိုတယ်ပေါ့နော။ ဒါပေမဲ့ အခု ကျနော်တို့က ၅၀၀ ကျော်ပဲ ရှိသေးတယ်” ဟု ကိုဘိုဘိုက ပြောသည်။

လက်နက်ကိုင်အဖွဲ့အစည်းများကလွဲပြီး သာမာန်လူထု လက်နက်ကိုင်ဆောင်ခွင့်မရရန် သင့်တော်သော လက်နက်ထိန်းချုပ်ရေးဥပဒေတစ်ခု ရှိရန်လည်း လိုအပ်ကြောင်းနှင့် ထိုအတွက်လည်း လက်နက်ကိုင် အဖွဲ့အစည်း၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC နှင့် KSP တို့ ပူးပေါင်းဆောင်ရွက်ရန်လိုသည်ဟု ကိုဘိုဘိုက ပြောဆိုသည်။

၃ နှစ်တာအတွင်း KSP အနေနှင့် အမှုပေါင်း ၅၂၀ ကို အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး မူးယစ်ဆေးဝါးအမှုက အများဆုံးဖြစ်သည်ဟု ဆိုသည်။

ကရင်နီပြည် ရဲဌာန (KSP) ဖွဲ့စည်းပြီး ၃ နှစ်အတွင်း ဖမ်းဆီးရမိပြီး အမိန့်ချအရေးယူပြီးသည့် မူးယစ်ဆေးဝါး ၇ သောင်းကျော်ကို ဩဂုတ်လ ၂၅ ရက်နေ့ကပြုလုပ်သည့် KSP ဖွဲ့စည်းခြင်း ၃ နှစ်ပြည့်အခမ်းအနားတွင် မီးရှို့ဖျက်ဆီးခဲ့သည်။

KSP အဖွဲ့ဝင်များအနေနှင့်လည်း ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို အရေးယူဆောင်ရွက်နေတယ်လို့ ကိုဘိုဘိုက ပြောပါသည်။

ကရင်နီပြည်ရဲဌာန (KSP) ကို အာဏာရှင်စနစ်ဆန့်ကျင်ပြီး ပြည်သူလူထုကိုဗဟိုပြုကာ ဖက်ဒရယ်ကို အခြေခံသည့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။