ရှေ့တန်းစစ်မျက်နှာမှ အမျိုးသမီးသတင်းထောက်များ စိတ်ဒဏ်ရာ ရရှိနေ

By MPM 8 ဧပြီ, 2026 👁 3

စစ်အာဏာသိမ်းပြီး ငါးနှစ်တာကာလအတွင်း လက်နက်ကိုင်ပဋိပက္ခဒေသများ၌ သတင်းရယူနေကြသည့် အမျိုးသမီး မီဒီယာသမားများသည် ပြင်းထန်သောစိတ်ဒဏ်ရာများ ခံစားနေရပြီး မိသားစုဝင်များကို ပစ်မှတ်ထားခြိမ်းခြောက်မှုများ ရင်ဆိုင်နေရကြောင်း သိရသည်။

မြန်မာ့မီဒီယာ အမျိုးသမီးများအဖွဲ့ (MWiM) က ဧပြီလ ၃ ရက်က ထုတ်ဝေသည့် “ရှေ့တန်းမျက်နှာစာမှ အမျိုးသမီးတို့၏ အသံများ” သုတေသနအစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။ အမျိုးသမီးသတင်းထောက် များသည် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးအန္တရာယ်များကြားတွင် အကြောက်တရားနှင့်အတူ ရှင်သန်နေရပြီး ပြင်းထန်သော စိတ်ဒဏ်ရာများကို ခံစားနေရကြောင်း သိရသည်။

ရှေ့တန်းစစ်မျက်နှာပြင်မှ အမျိုးသမီးသတင်းထောက်တဦးက “အစုလိုက်၊ ပြုံလိုက် ဗုံးကြဲခံရတဲ့ လူတွေကို သုသာန်ထိလိုက်ပြီး မှတ်တမ်းတင်ရတာတွေရှိတယ်။ ယမ်းစိမ်းနံ့တွေ၊ ညှီစို့စို့ အနံ့တွေဟာ တပတ်လောက်ထိ နှာခေါင်းမှာ စွဲနေတယ်” ဟု အစီရင်ခံစာထဲတွင် ၎င်း၏ အတွေ့အကြုံကို ပြောပြထားသည်။

ပဋိပက္ခဖြစ်ပွားနေသည့် ရခိုင်၊ စစ်ကိုင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရှမ်းနှင့် ချင်းအပြင် ထိုင်း-မြန်မာနယ်စပ်ရှိ အမျိုးသမီးသတင်းထောက် ၃၀ ဦးနှင့် သတင်းဌာနများတွင် စီမံခန့်ခွဲနေသည့် အမျိုးသမီးအယ်ဒီတာ ခုနစ်ဦးကို မေးမြန်းကာ အစီရင်ခံစာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထို့ပြင် နယ်မြေခံလက်နက်ကိုင်အဖွဲ့အစည်းအချို့၏ “ဒလန်” ဟု သံသယရှိစွပ်စွဲမှုများ၊ စစ်ဆေးရေးဂိတ်များရှိ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများနှင့် အွန်လိုင်းမှ တဆင့် မိသားစုကို ပစ်မှတ်ထား ခြိမ်းခြောက်မှုများသည် အမျိုးသမီးသတင်းထောက်များအား လုပ်ငန်းခွင်မှ နုတ်ထွက်လိုသည်အထိ ဖိအားပေးလျက်ရှိကြောင်း သိရသည်။

လေကြောင်းရန်နှင့် ဂျန်ဒါအခြေပြု ခြိမ်းခြောက်မှုများအပြင်၊ လုံခြုံရေးစိုးရိမ်ချက်ကြောင့် မိမိဖန်တီးသည့် သတင်းအပေါ် ပြန်လည်စိစစ်ဖြတ်တောက်ရသည့် Self-Censorship အခြေအနေများနှင့်ပါ ရင်ဆိုင်နေရသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းသို့သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများသည် သတင်းလွတ်လပ်ခွင့်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေကြောင်း MWiM တည်ထောင်သူ ဒေါ်တင်ဇာအောင်က မဇ္ဈိမသို့ ပြောသည်။

“သတင်းလွတ်လပ်ခွင့်ဆိုတာထက် သတင်းလုပ်ကိုင်နိုင်ခွင့် ပေါ့နော်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မီဒီယာသမားတွေက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ၊ ပြီးတော့ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေကြားကနေ ရုန်းကန်ပြီး ပြည်သူ့အတွက် သတင်းတွေ တင်ဆက်ပေးနေရတာ ဖြစ်တယ်။ အဲဒီလို မလုံခြုံတဲ့အခါမှာ ကိုယ်တိုင်က တချို့သတင်းတွေကို မရေးတော့ဘူး။ ဒီသတင်းကတော့ ငါ့နာမည်နဲ့ ရေးလို့မဖြစ်တော့ဘူး စသဖြင့် ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒါကို Self-Censorship လို့ ကျွန်မတို့က သုံးနှုန်းလို့ရတာပေါ့နော်။ ကိုယ်တိုင်ပဲ censorship လုပ်လိုက်တာပေါ့နော်။ ဆိုတော့ အဲဒါဟာ သတင်းလွတ်လပ်ခွင့်ကို သွားပြီးတော့မှ ထိခိုက်တဲ့ ကိစ္စတခုလည်း ဖြစ်တယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် မတည်ငြိမ်သည့် နယ်မြေအခြေအနေများကြောင့် သတင်းထောက် တဦး၏ လွတ်လပ်စွာ ရပ်တည်နိုင်မှုအပိုင်းတွင်လည်း အဟန့်အတားများ ဖြစ်ပေါ်နေသည်။

ဇီဝကမ္မဆိုင်ရာ လိုအပ်ချက်များဖြစ်သည့် ရေအရင်းအမြစ် ရှားပါးမှုနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်း ဈေးနှုန်းမြင့်တက်မှုတို့ကလည်း မြေပြင်တွင် ရေရှည်ရပ်တည်ရန် ခက်ခဲစေသည်ဟု ဆိုသည်။

တဖက်တွင်လည်း ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် မီဒီယာတိုက်များ၏ ဘေးကင်းရေးနှင့် ဂျန်ဒါမူဝါဒများမှာ စာရွက်ပေါ်တွင်သာ ရှိနေပြီး လက်တွေ့ပံ့ပိုးမှု အားနည်းနေကြောင်းလည်း ဝေဖန်ထောက်ပြထားသေးသည်။

MWiM အနေဖြင့် မီဒီယာအဖွဲ့အစည်းများနှင့် အလှူရှင်များအား ကျန်းမာရေးအာမခံနှင့် အရေးပေါ်ရှင်သန်ရေး ရန်ပုံငွေများ ဦးစားပေးပံ့ပိုးရန် တိုက်တွန်းထားသကဲ့သို့၊ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း သတင်းထောက်များ၏ ဂုဏ်သိက္ခာနှင့် သတင်းရယူပိုင်ခွင့်ကို အလေးထားလိုက်နာရန် အစီရင်ခံစာမှတဆင့် တောင်းဆိုထားသည်။

မဇ္ဈိမ