ကရင်နီ (ကယား) ပြည်၊ ရှားတောမြို့နယ် (ဆိုမိုဖေစိုးလေးမြို့နယ်) အတွင်းရှိ ဒေသခံနှင့် စစ်ဘေးရှောင်အမျိုးသမီးများမှာ အမျိုးသမီးလစဉ်သုံးပစ္စည်း ဝယ်ယူမရသည့်အပြင် မြို့ကိုသွားလာသည့်လမ်းကြောင်း ပိတ်နေတာကြောင့် ပစ္စည်းများလည်း ပြတ်လပ်နေသည်ဟု ဒေသတွင်းရှိအမျိုးသမီးများက ပြောဆိုသည်။
ရှားတောမြို့နယ် (ဆိုမိုဖေစိုးလေးမြို့နယ်) ကို ဝင်/ထွက်သွားလာသည့် လမ်းကြောင်းပိတ်နေတာကြောင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ ဝယ်ယူ၍မရသလို ဒေသတွင်းရှိစျေးဆိုင်များတွင်လည်း အမျိုးသမီးတကိုယ်ရည် အသုံးအဆောင်ပစ္စည်းများပါ ပြတ်လပ်နေသဖြင့် အဝတ်စများနှင့်သာ အသုံးပြုနေကြရသည်ဟု အမျိုးသမီးငယ် များက ပြောပါသည်။
ဒေသခံ လူငယ်အမျိုးသမီး မော်မဲမိုက “ကျမတို့ ဆိုမိုဖေစိုးလေးမြို့နယ်က စစ်ရှောင်တွေမှာက တကိုယ်ရေနဲ့ အမျိုးသမီးကပ်ခွာသုံး အရမ်းလိုတယ်ပေါ့နော်။ လိုတယ်ဆိုတာကလည်း လမ်းကြောင်းကလည်း သယ်ယူလို့အဆင်မပြေဘူး။ ပြီးတော့ စျေးဆိုင်တွေမှာဆိုရင်လည်း ကပ်ခွာတွေ၊ အမျိုးသမီးလစဉ်သုံးတွေက မရောင်းတော့ အမျိုးသမီးအတွက် အရမ်းအရေးကြီးတယ်ပေါ့နော်။ အရေးကြီးတော့ အဲ့ဒါတွေပြတ်လပ်နေတယ်။ ဝယ်ချင်တောင်မှ ဝယ်လို့မရတဲ့အခြေအနေမှာရှိတယ်” ဟု ပြောသည်။
အမျိုးသမီးလစဉ်သုံးပစ္စည်းများ ဝယ်၍မရသလို အဝတ်အထည်လည်း များများစားစားမရှိတာကြောင့် အမျိုးသမီးတချို့သည် အတွင်းခံတစ်ထည်တည်းနှင့်သာ ဓမ္မတာလာချိန်ကို ဖြတ်သန်းနေကြရပြီး တချို့မှာ ထဘီကိုခေါက်ပြီး အသုံးပြုနေရသည်ဟု ဒေသခံ လူငယ်အမျိုးသမီးနောက်တစ်ဦးက ပြောသည်။
“ကပ်ခွာက မဝယ်နိုင်တဲ့ အခြေအနေလို့ပြောရင် ပိုအဆင်ပြေမယ်ထင်တယ်။ February ကတည်းကလို့ ခန့်မှန်းရမယ်ထင်တယ်။ အလှူရှင်တွေလာရင်လည်း တအိမ်ကို တစ်ထုပ်ပဲရတာဆိုတော့ တလစာအတွက်ပဲ ဖြေရှင်းလို့ရတာပေါ့နော” ဟု ၎င်းကပြောဆိုသည်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲများအပြင် ရှားတော (ဆိုမိုဖေစိုးလေး) မြို့နယ်သို့ ဝင်လာသည့် လမ်းကြောင်းပိတ်နေတာကြောင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများအပြင် တကိုယ်ရည်သုံးဆပ်ပြာ၊ အဝတ်အထည်၊ ဖိနပ် စသည့် ပစ္စည်းများကို ဝယ်ယူမရတော့ကြောင်း ဆိုမိုဖေစိုးလေး လူငယ်ဥက္ကဌ ခူးကူးရယ်က ပြောဆိုသည်။
“စစ်ရှောင်မှာဆိုရင် သိတဲ့အတိုင်းပဲ၊ စျေးဆိုင်မှာဆိုရင် အဝတ်အစားကစ ဖိနပ်တွေပေါ့၊ ရောင်းတဲ့လူလည်းမရှိဘူး။ သူတို့က သွားဝယ်မယ်ဆိုလည်း တချို့ဆို လမ်းအခြေအနေလည်းမသိဘူး။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခါကြ တော့ တချို့ဆို အရင်တုန်းကရှိတဲ့ဟာနဲ့ပဲ သူတို့ဝတ်စားနေကြတော့လည်း အဝတ်အစားတွေကစ မသန့်ရှင်းတာဖြစ်တယ်” ဟု ခူးကူးရယ်က ပြောသည်။
ဝယ်ယူစရာ နေရာမရှိသည့်အပြင် ငွေကြေးအခက်အခဲကြောင့် ရှိနေသည့်အဝတ်တွကိုသာ အသုံးပြုနေကြရာ၌ ယခုလို့ မိုးရာသီတွင် အတွင်းခံများမခြောက်နိုင်ဘဲ ပြန်ဝတ်ရတာကြောင့် အရေပြားအရောဂါများလည်း ဖြစ်ပွားလာနေသည်ဟု ဒေသခံအမျိုးသမီးငယ်တစ်ဦးက ပြောပါသည်။
“ခုနကပြောတဲ့ အတွင်းခံမခြောက်တဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အရေပြားရောဂါ စွဲကပ်လာတာတွေ့တယ်။ တကိုယ်ရည် သန့်ရှင်းရေးအနေနဲ့ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်တွေ မဝယ်နိုင်တဲ့အခါကြတော့ ပန်းကန်တွေဆေးဖို့ ဖျော်သုံးနေကြတဲ့ ဖျော်စပ်ဆပ်ပြာရည်ကိုပဲ အဝတ်လျှော်တယ်၊ ခေါင်းလျှော်တယ်၊ ကိုယ်တိုက်ဆပ်ပြာအနေနဲ့လည်း သုံးနေကြတာတွေ့တယ်” ဟု ၎င်းက ဆိုသည်။
ရှားတောမြို့နယ်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တော်လှန်ရေးတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားသည်။
လက်ရှိ၌ ဒေသတွင်းစစ်ဘေးရှောင်များသည် မြေမြှုပ်မိုင်းအန္တရာယ်၊ လေကြောင်းအန္တာရာယ်တို့ကြောင့် နေရပ်ပြန်နေထိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ရှားတောမြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၃ ခု၊ အိမ်ခြေ ၃၀၀ ကျော်နှင့် စစ်ဘေးရှောင်ဦးရေ ၃ ထောင်ကျော် ရှိနေသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။