ရှမ်းမြောက်၊ မုံးပေါ် ဝိန်းလားတောင် စစ်ကောင်စီတပ်စခန်းကို KIA သွားရောက်ပစ်ခတ်တိုက်ခိုက်

By MPM 20 အောက်တိုဘာ, 2023 👁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်၊ ဝိန်းဆိုင်ကျေးရွာအနီး ဝိန်းလားတောင် (Ying La Bum) က စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA က သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေထံမှ သိရသည်။

အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၆ နာရီ က စပြီး ဝိန်းလားတောင် စစ်ကောင်စီတပ်စခန်းကို KIA တပ်မဟာ ၆ တပ်ရင်း ၃၆ တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ် တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်ရဟတ်ယာဉ်အပါ ဂျက်လေယာဉ်တွေနဲ့ လာရောက်တိုက်ခိုက်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက အခုလို ပြောသည်။

“ညနေပိုင်း ၂ နာရီခွဲတွင် သိမ်းနိုင်ခဲ့ပြီ။ တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့တယ်။ လေယာဉ်တွေနဲ့ တနေကုန် ပစ်တယ်။ တိုက်ပွဲတော်တော်ပြင်းထန်တယ်။ အခုထိလည်း စောင့်ကြည့်နေကြတဲ့အခြေအနေတွေမှာ ရှိနေတယ်” လို့ အဆိုပါရှေ့တန်းသတင်းရင်းမြစ်က ပြောပါသည်။

စစ်ကောင်စီတပ်က Helicopter ၁ စီး ဂျက်လေယာဉ် ၁ စီး စီနဲ့ အလှည့်စီ အသွားအပြန် လာရောက်ဗုံးကြဲ တိုက်ခိုက်နေတာဖြစ်ပြီး မုံးပေါ်ဘက်ကနေလည်း လက်နက်ကြီးနဲ့ ဝိန်းလားတောင်ဘက်သို့ လှမ်းပစ်ကူ နေတယ်လို့ ၎င်းက ဆိုသည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု များပြားတာကြောင့် လေယာဉ်နဲ့ စစ်ရိက္ခာအင်အား လာရောက် ပို့ဆောင်ပေးရင်း တိုက်ခိုက်ကူနေတာ ဖြစ်တယ်လို့ ဒေသတချို့ ပြောဆိုမှုအရ သိရသည်။

မုံးပေါ်ကနေ ၈ မိုင်လောက် အကွာအဝေးမှာရှိတဲ့ ဝိန်းလားတောင်က စစ်ကောင်စီတပ်စခန်းက ၁၀ နှစ် ကျော် ကြာပြီဖြစ်တဲ့ စခန်းကြီး တစ်ခုဖြစ်သလို မုံးပေါ်နဲ့ မုံးယား ကြားမှာ စစ်ကောင်စီတပ်၏ အရေးပါတဲ့ တပ်စခန်းတစ်ခု ဖြစ်တယ်လို့ မုံးပေါ်ဒေသခံတစ်ဦးက အခုလို ပြောပါသည်။

“စစ်တပ်က နည်းနည်းမြင့်တဲ့ တောင်တွေကို နေရာယူထားတာပေါ့။ အခု အဲ့ဒီဝိန်းလားတောင်ကလည်း ဒီမုံးပေါ်ဒေသက နည်းနည်းအမြင့် နေရာမှာဆိုတော့ လက်နက်ကြီးအထိုင်ချတဲ့စခန်း ဖြစ်တယ်။ သူတို့ လက်နက်ကြီးပစ်လို့ အဆင်ပြေတဲ့ တောင်ကုန်းတွေမှာ အထိုင်ချထားတာပေါ့။ ပြီးတော့ စျေးသွားစျေးလာ လမ်းလည်း အချက်အချာကြတဲ့ နေရာလည်းဖြစ်တယ်။ မုံးပေါ်နဲ့ မုံးယားကြားမှာ အထိုင်ချတဲ့ စခန်းဖြစ်တယ်” ဟု မုံးပေါ်ဒေသခံအမျိုးသားက ပြောပြသည်။

မုံးပေါ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA တို့ နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတာ ၃ ရက်ခန့် ကြာနေပြီဖြစ်ပြီး အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းကနေ တိုက်ပွဲ စတင် ပြန်လည်ပြင်းထန်နေတယ်လို့ သိရသည်။

ရှမ်းမြောက် ကွတ်ခိုင်–နမ့်ဖတ်ကာ–မူဆယ် စတဲ့ လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ်ဘက်က ပုံမှန်အင်အားဖြည့်တင်းပြီး လှုပ်ရှားသွားလာနေတာကြောင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသလို ဒေသခံပြည်သူများလည်း လွတ်လပ်စွာ လုပ်ကိုင်စားသောက်လို့ မရကြတာ ၃ လခန့် ကြာလာပြီဖြစ်တယ်လို့ ၎င်းတို့က ပြောပါသည်။

KNG ပေးပို့သည်။