ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့နှင့် ရှမ်း – ကရင်နီနယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းမှုနှင့်အတူ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာသည်ဟု ကရင်နီအခြေစိုက် ဒေသတွင်းသတင်းရင်းမြစ်များက ပြောဆိုသည်။
ဒေသခံတစ်ဦးက “စစ်ကောင်စီစစ်ကြောင်းတွေ အလုံးအရင်း ထိုးလာနေတယ်။ ပြီးတော့ ရွာထဲမှာလည်း လက်နက်ကြီးတွေ ရမ်းသန်းမှန်းသန်းတွေ ပစ်နေတယ်” ပြောသည်။
ထို့အပြင် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့နယ်ထဲတွင်လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟု မြေပြင်တွင်ရောက်ရှိနေသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“သူတို့ လက်နက်ကြီးတို့ ဒရုန်းတို့ ခဏခဏချလာတယ်။ ရှိတယ် ခဏခဏပဲ၊ လေယာဉ်ပါလာချတာ” ဟု ၎င်းက ပြောသည်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့နှင့် ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားမှုများ ရှိနေသည့်အတွက် အရပ်သားပြည်သူ၊ စစ်ဘေးရှောင်များ သွားလာနေထိုင်ရာတွင် အထူးဂရုစိုက်ကြရန်နှင့် လက်နက်ကြီး၊ လေယာဉ်ရန်များအတွက် ကြိုတင်ကာကွယ်မှု ပြုလုပ်ထားကြရန် နိုဝင်ဘာ ၈ ရက်နေ့တွင် Jobs For Kayah အသင်းက သတိပေးတိုက်တွန်းထားသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ စစ်အင်အားဖြည့်တင်းမှုများနှင့် စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိနေသော်လည်း အခြေအနေအသေးစိတ်ကိုမူ မသိရသေးဘူးဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
ဗိုလ်မှူးကြီးဘုန်းနိုင်က “ကလေးတွေ မေးကြည့်တော့လည်း သိပ်ထူးထူးထွေထွေ သူတို့လာပြီးတော့ တင်ပြတာ မရှိဘူး” ဟု ဆိုသည်။
ယခုရက်ပိုင်းအတွင်း ဖားဆောင်းမြို့နယ်ထဲတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်းရှိ နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။
ထို့အပြင် ရှမ်း – ကရင်နီအစပ် ဖယ်ခုံမြို့အရှေ့ဘက်ခြမ်းရှိ ကာလကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၂ ဦး ထိခိုက်သေဆုံးခဲ့သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်သည် ရေဘေးနှင့် စစ်ဘေးကြောင့် စစ်ရှောင်နေကြရသည့် စစ်ရှောင်ဒေသခံများ၊ စစ်ရှောင်များရှိသည့် နေရာနှင့် ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အကူအညီပေးနေသူများက ပြောဆိုသည်။
NMG ပေးပို့သည်။