ရှမ်း-ကရင်နီ နယ်စပ်တွင် ဘိန်စိုက်ပျိုးမှု ပြန်လည်လုပ်ကိုင်လာပြီး ဘိန်းမည်းတစ်ပိဿာပေါက်စျေး ၁၀ သိန်းရှိနေ

By MPM 4 မတ်, 2025 👁 4

ရှမ်း – ကရင်နီ (ကယား) နယ်စပ် ဖယ်ခုံမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းစျေးကွက် ပြန်လည်မြင့်တက်လာပြီး ဒေသခံတောင်သူများသည်လည်း ဘိန်းစိုက်ပျိုးမှုကို ပြန်လည်လုပ်ကိုင်လာကြသည်ဟု ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဦးက “ဒီဘက်မှာက အလွယ်ရတဲ့နည်းနဲ့ပဲ ပိုက်ဆံလိုချင်ကြတာရောနော့။ ဘိန်းကတော့ အဆင်ပြေတယ်။ သူတို့လုပ်တာနဲ့ ရတဲ့ပိုက်ဆံက ရမြန်တယ်။ ရလွယ်တယ်ဆိုတဲ့ အတွက်ကြောင့်မို့လို ဘိန်းကိုပဲ တကျော့ပြန်ပြီး ဦးတည်လာတဲ့ အခြေနေတော့ရှိတာပေါ့” ဟု ပြောဆိုသည်။

ဈေးကွက်အရလည်း အရည်သွေးနှိမ့်သည့် လက်ရှိနွေသီး ဘိန်းမည်းတစ်ပိဿာလျှင် ပေါက်စျေး ၁၀ သိန်းကျပ်အထိရှိနေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောပါသည်။

“နွေဟာက စျေးတော့ကောင်းပါတယ်။ ဒါပေမဲ့ ဆောင်းဟာလောက်တော့ စျေးမမြင့်ဘူး။ အရည်အသွေးက စကားပြောတယ်လေနော့” ဟု အဆိုပါဒေသခံက ပြောဆိုသည်။

ဘိန်းစိုက်ပျိုးမှုများသည့် ရှမ်း – ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်တွင် ပြီးခဲ့သည့် အရပ်သားအစိုးရလက်ထက်က ဒေသခံတောင်သူများသည် ထောပတ်၊ လိမ္မော်သီးကို ဘိန်းအစားထိုးစိုက်ပျိုးခဲ့မှုများ ရှိခဲ့သည်။

ထိုစဉ်အချိန်က ခြစ်ထားသည့် ဘိန်းမည်းတစ်ပိဿာလျှင် ကျပ် ၂ သိန်းသာ ပေါက်စျေးပေါက်ခဲ့တာကြောင့် စီးပွားဖြစ်စိုက်ပျိုးခြင်း မရှိသလောက်ရှားလာပြီး အစားထိုးသီးနှံများကို စိုက်ပျိုးခဲ့ကြသည်ဟု ပြောဆိုကြသည်။

ယခုအခါ ဈေးကောင်းရလာသည့်အတွက် ဒေသခံတောင်သူများကြား ဘိန်းစိုက်ပျိုးမှုကို ပြန်လည်လုပ်ကိုင် လာကြခြင်း ဖြစ်သည်ဟု စိုက်ပျိုးသူတောင်သူတို့၏ ပြောဆိုချက်အရ သိရသည်။

ရှမ်း – ကရင်နီ နယ်စပ်ဒေသ၌ စိုက်ပျိုးထားသော နွေသီးဘိန်းခင်းများကို စိုက်ပျိုးသူတို့က ခြစ်ယူနေကြဆဲဖြစ်ကြောင်းနှင့် ပြီးခဲ့သည့်ဆောင်းရာသီထွက် ဘိန်းများမှာ အရည်အသွေးပိုကောင်းတာကြောင့် တစ်ပိဿာလျှင် ၁၂ သိန်းကျပ်စျေးအထိ ရရှိခဲ့သည်ဟြ တောင်သူများက ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတွင် ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေခဲ့ပြီး ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးပြည်နယ်ဖြစ်သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ပြောဆိုထားပါသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။