ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးသေဆုံး

By MPM 18 မတ်, 2025 👁 6

ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီပူးပေါင်းတပ်ဘက်မှ ၁၅ ဦးထက်နည်း ထိခိုက်သေဆုံးသည်ဟု ဗျူဟာ အမှတ် (၁) ရှမ်းတောင်စစ်ဒေသခွဲမှ တာဝန်ရှိသူများက ပြောသည်။

မိုးဗြဲမြို့သို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ကရင်နီမဟာမိတ် တော်လှန်ရေးအင်အားစုများက မတ်လ ၁၄ ရက်နေ့တွင် အောင်မြင်စွာခုခံတွန်းလှန်တိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဗျူဟာအမှတ် (၁) ရှမ်းတောင်စစ်ဒေသခွဲ၊ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက “၁၅ ယောက် ထက်မနည်းသေဆုံးတယ်လို့ အတည်ပြုပြောတဲ့ဟာပေါ့နော်။ ကျနော်တို့ မြေပြင်မှာတွေ့ရှိတဲ့ အလောင်းတွေကို ကြည့်ပြီးမှ သတင်းတင်တာပါခင်ဗျာ။ ခွေး (စစ်ကောင်စီ) ဘက်က ၁၅ ယောက်ထက်မနည်း သေတယ်လို့ အတည်ပြုလို့ရပါတယ်” ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ သေနတ် ၉ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ပြီး တော်လှန်ရေး အင်အားစုများဘက်မှ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၃ ၏ တပ်ဖွဲ့တစ်ဦး ကျဆုံး သည်ဟု ဆိုသည်။

ထို့အပြင် ၁၁၀၉ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ ဦးလည်း ဦးခေါင်း၌ ပြင်းထန်ဒဏ်ရာများရရှိထားပြီး အခြေအနေ အနည်းငယ် စိုးရိမ်ရသည်ဟု တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူများက ဆိုကြသည်။

မတ်လ ၁၃ ရက်နေ့မှစတင်၍ စစ်ကောင်စီဘက်က စစ်မှုထမ်းအသစ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) များအား အများအပြားအသုံးပြု၍ သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးမှုကြောင့် တော်လှန်ရေးအင်အားစုများဘက်မှ ရှေ့တန်းကင်းစခန်းအချို့ကို လက်လွှတ်ခဲ့ရသည်ဟု မြေပြင်အရင်းအမြစ်များက ပြောသည်။

သို့သော် လက်ရှိတွင် ထိုးစခန်းများအား ပြန်လည်သိမ်းပိုက်ပြီးဖြစ်ရာ စစ်ရေးအခြေအနေ ခေတ္တငြိမ်သက်နေ သည်ဟု ဗျူဟာ အမှတ် (၁)၊ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“လက်ရှိချိန်အထိတော့ တည်ငြိမ်နေသေးတယ်နော်။ ၂ ဦး ၂ ဖက်လုံးတော့ အေအေးဆေးဆေး နည်းနည်း ငြိမ်နေသေးတယ်။ ဒါပေမယ့် အချိန်မရွေးလည်း သူတို့ ပြန်ထိုးနိုင်သလို တိုက်ပွဲလည်း ဖြစ်နိုင်တာပေါ့လေ” ၎င်းက ပြောသည်။

တိုက်ပွဲကာလတလျှောက်၌ စစ်ကောင်စီဘက်မှ ဓါတ်ငွေ့ဗုံးနှင့် မီးလောင်ဗုံးများ အသုံးပြုမှုကြောင့် မိုးဗြဲမြို့ပေါ် ရပ်ကွက်များရှိ လူနေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။

လာမည့်ရက်ပိုင်းများအတွင်း စစ်ကောင်စီဘက်မှ ထိုကင်းစခန်းများအား ရရှိရန်အတွက် ထပ်မံ ထိုးစစ်ဆင် လာနိုင်ချေရှိပြီး လက်နက်ခဲယမ်းများအတွက်လည်း ကူညီပေးကြရန် ဗျူဟာအမှတ် (၁) မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက အကူအညီတောင်းခံသည်။

“ကျနော်တို့အနေနဲ့ သတင်းသမားတွေကိုတောင်းခံချင်တာက နေ့စဉ်နဲ့အမျှ တိုက်ပွဲထပ်ရှိဖို့ များတာပေါ့လေ။ အချိန်မရွေး ထပ်ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ကျနော်တို့ ခဲယမ်းတွေအများကြီး ပြန်ပြီးတော့စုဖို့ လိုအပ်တာ ပေါ့လေ။ ဒါကြောင့် တတ်နိုင်တဲ့အလှူရှင်တွေများ ရှိခဲ့ရင်လည်း ဗျူဟာကနေ တိုက်ရိုက်ထောက်ပို့ပေးဖို့ တစ်ခု တော့ တောင်းဆိုချင်တာပေါ့လေ။ ဝိုင်းပြီးတော့ ကူညီပေးဖို့လည်း ထပ်ပြီးတော့ တောင်းဆိုတာပေါ့လေနော်”

ယခု မတ်လအတွင်း ရှမ်းတောင်ဒေသ၌ ဖယ်ခုံ၊ ညောင်ရွှေ၊ ပင်လောင်း၊ ရွာငံ စသည့် ဒေသများ၌ တော်လှန်ရေး အင်အားစုများက နယ်မြေပြန်လည်စိုးမိုးမှု ပြန်လည်ရရှိရန်အတွက် တပြိုင်နက် တိုက်ပွဲဖော်ဆောင်လျက် ရှိသည်။

NMG ပေးပို့သည်။