ရွှေဘိုဒေသခံများနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း အွန်လိုင်းမှ တွေ့ဆုံ

By MPM 12 နိုဝင်ဘာ, 2026 👁 123

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသည့် ပြည်သူများနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရွှေဘိုမြို့နယ်သပိတ်အင်အားစုထံမှ သိရသည်။

တွေ့ဆုံမှုအတွင်း အပြန်အလှန် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် တရားမျှတမှု၊ လွတ်လပ်မှုကို လိုလားသည့် ပြည်သူများ၏ အသံကို သံအမတ်ကြီးက နိုင်ငံတကာသို့ ပိုမိုကျယ်လောင်စွာ ထုတ်ဖော်ပေးနိုင်ကြောင်း ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ပြောသည်။

ရွှေဘိုမြို့နယ်သပိတ်အင်အားစုအနေဖြင့်လည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာသည်အထိ လူထုအခြေပြု တော်လှန်ရေးလုပ်ငန်းများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေးအတွက် မြန်မာပြည်သူများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်သူများက လူထုလှုပ်ရှားမှုများ ပြုလုပ်နေကြသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာစစ်တပ်က ပြည်သူများအပေါ် ကျူးလွန်နေသည်ဟု စွပ်စွဲထားသည့် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ ကမ္ဘာ့အသိုင်းအဝိုင်း သိရှိစေရန် ကုလသမဂ္ဂအစည်းအဝေးများတွင် အချက်အလက်နှင့် အထောက်အထားများဖြင့် တင်ပြပြောဆိုလျက်ရှိသည်။

မဇ္ဈိမ