ရွှေပြည်အေးမြို့စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကျပ်အတည်းကြုံနေကြရ

By MPM 24 ဇူလိုင်, 2024 👁

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့က စစ်ဘေးရှောင်တစ်ထောင်ဝန်းကျင်သည် စစ်ဘေးတိမ်းရှောင်ရသည့်ကာလ ကြာမြင့်လာပြီး စားနပ်ရိက္ခာ အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “အခု ၈ လ ကျော်ပြီးတဲ့နောက်ကြတော့ ကိုယ်ဟာကိုရှာစားနေရတာ၊ ဒါပေမယ့် အခုတလောက ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ ၇ လ (ဇူလိုင်လ) တစ်ရက်နေ့ကစလို့ လာဝေတယ်။ အခုနောက် လာထောက်ပံ့တာကြတော့ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့က လာထောက်ပံ့တာ။ ပထမတုန်းကတော့ အဆင်ပြေတယ်။ အခုနောက်တော့ ရိက္ခာတွေက ကိုယ်အလုပ်နဲ့ကိုယ် ရှာပြီးစားနေရတာပါရှင့်” ဟူ ပြောသည်။

ဟုမ္မလင်းမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသူများအတွက် စားနပ်ရိက္ခာများကို မြို့နယ်ထွေအုပ်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ထောက်ပံ့ပေးခဲ့ပြီး လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ဆက်လက် ထောက်ပံ့မှုများရှိကြောင်း သိရသည်။

သို့ပေသော်လည်း အဆင်မပြေမှုများရှိနေတာကြောင့် စစ်ရှောင်နေရသည့် ဟုမ္မလင်းမြို့နယ်အတွင်း ကျဘန်းအလုပ်များ လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းနေရသည်ဟု စစ်ရှောင်များက ပြောပါသည်။

“ဆန်အတွက်က လုံလောက်တယ်။ ကျန်တာတဲ့ဟာအတွက်က မလုံလောက်ဘူးရှင့်။ ကျောင်းသားတွေရှိတဲ့ အခါကြတော့ ကျောင်းထားရတဲ့ ကျောင်းစားရိတ်တွေ လိုလာတဲ့အခါကြတော့ အများကြီး ခက်ခဲကြတယ်ရှင့်။ တချို့တွေကြတော့ အဖိုးကြီးအဖွားကြီး အလုပ်လုပ်တဲ့သူတွေ မပါလာတဲ့အခါကြတော့ ပိုလို့ဆိုးတယ်ရှင့်” ဟု အဆိုပါ စစ်ဘေးရှောင်အမျိုးသမီးက ပြောသည်။

ရွှေပြည်အေးမြို့ရှိ မယ်ဇလီကျေးရွာ၊ ရေလဲကျေးရွာ၊ နောင်ဆန်းကျင်ကျေးရွာများက စစ်ဘေးရှောင်များသည် ဟုမ္မလင်းမြို့ ခိုပဲဝရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုရားဝန်းအတွင်း ယာယီစစ်ရှောင်တဲများ ၊ အဆောင်များ ဆောက်ပြီး နေထိုင်ကြရသည်။

ရွှေပြည်အေးစစ်ဘေးရှောင်တစ်ဦးက “နေရထိုင်ရတာကလည်း ဘယ်လိုပြောမလဲ နည်းနည်းတော့ သိပ်တော့ အဆင်မပြေဘူး။ အဆောင်သမားတွေက အဆင်ပြေတယ်၊ ကိုယ်ဟာကိုယ် အခုနောက်က ကျွန်မတို့အဆောင် ဆောက်လို့ ပေးတာလေရှင့်။ အဆောင်ဆောက်လို့ ပေးတဲ့ဟာတွေဆိုရင် သိပ်အဆင်မပြေဘူးရှင့်။ နေရထိုင်ရတာ မိုးနဲ့ရေနဲ့ဆိုတော့ ဒါပေမယ့် တချို့အဆောင် ဆောက်ပြီးသားသမားတွေဆိုရင်တော့ အဆင်ပြေကြတယ်” ပြောသည်။

ရွှေပြည်အေးမြို့ စစ်ရှောင်ဒေသခံတစ်ထောင်နီးပါးသည် NUG က မြို့သိမ်းတိုက်ပွဲဆင်နွဲသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စ၍ စစ်ဘေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ၈ လတာ ကြာမြင့်လာပေမယ့်လည်း ဒေသခံများမှာ နေရပ်မပြန်နိုင်ကြသေးကြောင်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။