၂၀၂၃ခုနှစ်အတွင်းမှာ ကျင်းပပြုလုပ်သွားမယ့် ရွေးကောက်ပွဲအတွက် စစ်ကောင်စီက နယ်မြေစိုးမိုးနိုင်ဖို့ ပိုမိုလုပ်ဆောင်လာနေတယ်လို့ စစ်ရေး၊ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“လက်ရှိကာလမှာ စိုမိုးနယ်မြေပိုမိုကျယ်ပြန့်ဖို့အတွက် စစ်ဆင်ရေးတွေကို လုပ်ကိုင်ဆောင်ရွက်နေတယ်။ အဲ့ဒီစစ်ဆင်ရေးတွေအရ နိုင်ငံရဲ့ထက်၀က်ကျော်ကို နယ်မြေစိုးမိုးနိုင်ဖို့ကို ကြိုးပမ်းနေမှုကို ကျတော်တို့မြင်နေရတယ်။ ဒီလိုနိုင်ငံရဲ့ဧရိယာထက်၀က်ကျော်မှာကို ရွေးကောက်ပွဲ ကျင်းပနိုင်လိုက်တာနဲ့ ကမ္ဘာကို ရွေးကောက်ပွဲနဲ့အညီ တက်လာသော အစိုးရဆိုတဲ့ အခြေနေတစ်ရပ်အရ ၂၀၂၃ ၊ ၇၈ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂညီလာခံမှာ အဲ့ဒီအစိုးရကို မြန်မာနိုင်ငံရဲ့အစိုးရအဖြစ် အသိမှတ်ပြုပေးဖို့ဆိုတဲ့ လိုလားချက်က မအလ (မင်းအောင်လှိုင်) ဆီမှာရှိနေတာကို ကျတော်တို့တွေ့ရတယ်။” လို့ သူက ပြောပါတယ်။
တစ်ဖက်မှာလည်း ကရင်နီဒေသတွင်းအပါအဝင် နိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီစိုးမိုးနယ်မြေကျယ်ပြန့်ဖို့အတွက် စစ်ဆင်ရေးတွေကို လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်စစ်ဆင်ရေးတွေကို တိုးချဲ့လုပ်ဆောင်နိုင်တယ်လို့ အဆိုပါ စစ်ရေး၊နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပဖို့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က စီစဉ်နေတာဟာ နိုင်ငံရေးထွက်ပေါက်ဖြစ်ပြီး နဂို မင်းအောင်လှိုင်ရဲ့သမ္မတအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ယခင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ကျင့်သုံးခဲ့တဲ့ နိုင်သူ အကုန်ယူ (First Past The Post-FPTP) ရွေးကောက်ပွဲစနစ်အစား အချိုးကျကိုယ်စားပြုစနစ် (PR) ကို ပြောင်းလဲကျင့်သုံးတာဖြစ်တယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။
မိုးရာသီမတိုင်ခင် ပွင့်လင်းရာသီမှာ တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ပြီး စစ်ကောင်စီတပ်သာ နယ်မြေပိုမိုစိုးမိုးနိုင်သွားပါက ဩဂုတ်လအတွင်းမှာ လျာထားတဲ့ရွေးကောက်ပွဲက ဖြစ်နိုင်ချေများသွားနိုင်တယ်လို့ ၎င်းက ဆက်လက်သုံးသပ်ပြောဆိုပါတယ်။
ကရင်နီပြည်မှာတော့ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေအနေနဲ့ ၎င်းတို့ စိုးမိုးနယ်မြေအသီးသီးမှာ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲမှာ မည်သည့်အဖွဲ့အစည်း၊ ပါတီကိုမှ ယှဉ်ပြိုင်ခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲကာလမတိုင်ခင် ကရင်နီပြည်တွင်းမှာ စစ်ရေးပိုမိုးပြင်ထန်လာနိုင်တဲ့အကြောင်းကိုလည်း ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က “တပ်အင်အား ဖြည့်လာတယ်ဆိုရင် စစ်ရေးကတော့ ပိုပြီးတော့မှ ပြင်းလာမှာပေါ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့လည်း ရွေးကောက်ပွဲအတွက် လုံခြုံရေးကိစ္စတွေ နယ်မြေရှင်းလင်းရေးကိစ္စတွေကို ပိုလုပ်လာရင်တော့ တိုက်ပွဲအရှိန်က ပိုမြင့်လာမှာပဲလေ။” လို့ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို မဲမသမာမှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရကို ဖြုတ်ချဖမ်းဆီးခဲ့ပြီးနောက် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ စစ်ကောင်စီက လာမယ့် ဩဂုတ်လအတွင်းမှာ အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ ပြင်ဆင်နေတာပါ။
ကရင်နီဒေသတွင်း စစ်ကောင်စီစိုးမိုးတဲ့ နယ်မြေတွေမှာလည်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က အိမ်ထောင်စုဇယားကြည့်ပြီး လူဦးရေစာရင်းကောက်ခံတာကို ဇန်နဝါရီလ ၃၁ရက်နေ့အထိ ဆောင်ရွက်သွားဖို့ရှိနေပါတယ်။
ဒီလို ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေမှုဟာ အနှစ်သာရမရှိတဲ့ ရွေးကောက်ပွဲသာဖြစ်တယ်လို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေကလည်း ဝေဖန်ထောက်ပြကြပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဆရာဗညားက “ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူတို့ (စစ်ကောင်စီ) အနေနဲ့က မတရားအာဏာသိမ်းဖို့ကြိုးစားတာကို ပြန်ကာဖို့အတွက်ပဲဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ ဒီရွေးကောက်ပွဲက အနှစ်သာရရှိမှာမဟုတ်ဘူး။ သူတို့ရဲ့ထွက်ပေါက်တစ်ခုလိုပဲ သူတို့ခေါ်တာက Legalise ပေါ့နော။ ဥပဒေကြောင်းအရ အာဏာတစ်ခုကို ပြန်ရှာတဲ့နည်းလမ်း တစ်ခုပဲဖြစ်တယ်။ ဒါပေမယ့် ကျနော်ပြောရဲတာကတော့ အခုသွားတဲ့ အခင်းအကျင်းကလည်း တကယ်လက်တွေ့ နိုင်ငံတကာရဲ့ ထောက်ခံမှုကို ရမှာမဟုတ်ဘူး။ ပြည်သူလူထုကလည်း ဒီဟာကို အားပေးအားမြောက်ပြုမှာ မဟုတ်ဘူးလို့ပဲ ယုံကြည်ပါတယ်။” လို့ ပြောပါတယ်။
လူ့အခွင့်အရေးစံချိန်စံနှုန်းနဲ့အညီ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ရွေးချယ်ခွင့်မရှိတဲ့ ဒီရွေးကောက်ပွဲဟာ လူထုထောက်ခံအားပေးမှုမရှိသလို ရွေးကောက်ပွဲဖြစ်မြောက်သွားရင်လည်း ကောင်းမွန်တဲ့ရလဒ် ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ကရင်နီပြည်မှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လူဦးရေ နှစ်သိန်းနီးပါးဟာ နေရပ်ပြန်နိုင်ခြင်းမရှိကြသေးသလို ၂၀၂၃ ခုနှစ် နှစ်သစ်ကစလို့ နေ့စဉ်ရက်ဆက် ကရင်နီဒေသတွင်း နေရာအနှံအပြားမှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။