ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းကြောင့် ဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်နေတဲ့ ဒေသခံပြည်သူတွေ ကြိုတင်တိမ်းရှောင်ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရွေးကောက်ပွဲအပိုင်း ၂ မှာ ပါဝင်တဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းကို လုံခြုံရေးယူဖို့အတွက်ဆိုပြီး အကြောင်းပြကာ ဇန်နဝါရီလ ပထမအပတ်ကစပြီး အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးလာခဲ့တဲ့အတွက် လှိုင်းဘွဲမြို့နယ်ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်လာခဲ့ကြတာပါ။
အာဏာသိမ်းစစ်တပ်က လှိုင်းဘွဲမြို့အနီးတဝိုက် ကျေးရွာတွေအပြင် လှိုင်းဘွဲ-ပိုင်ကျုံလမ်းပိုင်းနဲ့ ထီလုံ-တာပေါင်လမ်းတွေမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာရောက်ရှိလာနေပြီး တပ်စွဲအခြေချထားခဲ့ရာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်နေသလို ဖမ်းဆီးခံရမှာ နှိပ်စက်ခံရမှာတွေကို စိုးရိမ်နေတာတွေကြောင့် ဒေသခံအများအပြားဟာ ကြိုတင်တိမ်းရှောင်ခဲ့ကြတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
အထူးသဖြင့် အာဏာသိမ်းစစ်တပ်စစ်ကြောင်း အဓိကထိုးနေတဲ့ ပိုင်ကျုံမြို့ပေါ်ရပ်ကွက်နဲ့ အနီးတဝိုက်က ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ တိမ်းရှောင်နေကြပြီး ဇန်နဝါရီ ၈ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပွားတာမရှိသေးဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်တပ်က အခုလိုစစ်ကြောင်းထိုးလာတာဟာ လှိုင်းဘွဲမြို့နယ်အတွင်းမှာ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပပြုလုပ်နိုင်ဖို့အတွက် လုံခြုံရေးအကြောင်းပြပြီး နယ်မြေစိုးမိုးလာနိုင်တာဖြစ်သလို ဇန်နဝါရီ ၁ ရက်နေ့က ကရင်နယ်ခြားစောင့်တပ် BGF က ကရင်အမျိုးသားတပ် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ကိစ္စရပ်တွေ ကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၂ မှာ ကရင်ပြည်နယ်က လှိုင်းဘွဲမြို့နယ်နဲ့ ဖာပွန်မြို့နယ်တို့ ပါဝင်ကြပြီး အဲဒီနှစ်မြို့နယ်အတွင်းမှာ ဖာပွန်မြို့နဲ့ ရှမ်းရွာသစ်မြို့အပါအဝင် ရပ်ကွက်ကျေးရွာအုပ်စု စုစုပေါင်း ၅၂ အုပ်စုဟာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေအဖြစ် အာဏာသိမ်းစစ်အုပ်စုက သတင်းထုတ်ပြန်ထားတာပါ။
ဖာပွန်မြို့နယ်အတွင်းမှာလည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်နေပြီး ရွေးကောက်ပွဲအတွက် ကမမောင်းမြို့ပေါ်မှာသာ စစ်ကော်မရှင်တပ်က ကျင်းပပြုလုပ်နိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း – ၁ မှာ ကရင်ပြည်နယ်က ဘားအံမြို့နယ်၊ သံတောင်ကြီးမြို့နယ်နဲ့ မြဝတီမြို့နယ်တို့ပါဝင်ခဲ့ကြပြီး အဲဒီမြို့နယ် ၃ မြို့နယ်စလုံးမှာ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်အားလုံးက အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
သံလွင်တိုင်းမ်