ရွေးကောက်ပွဲ အားပေးကူညီသူတွေကို ထိရောက်စွာ အရေးယူမယ်လို့ ကျွန်းစု ပကဖ သတိပေး

By MPM 25 အောက်တိုဘာ, 2025 👁

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ အာဏာသိမ်းစစ်အုပ်စုက ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲအတွက် အားပေးကူညီသူအားလုံးကို စုံစမ်းသိရှိပါက ပြင်းထန်တဲ့နည်းလမ်းနဲ့ ထိရောက်စွာ အရေးယူသွားမယ်လို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲမှာ မြို့နယ်အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့ မဲစာရင်းပြုစုပေးတာ၊ ပြည်သူတွေကို မဲစာရင်းကြည့်ဖို့ ဖိအာပေးတာ၊ ပြည်သူဆန္ဒမပါဘဲ မဲပေးခြင်းတွေကို လုံးဝ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

အခုလို သတိပေးတားမြစ်ထားတဲ့ကြားက လိုက်နာခြင်းမရှိဘဲ စစ်အုပ်စုကို နိုင်ငံရေးအရ ထွက်ပေါက်ရဖို့အတွက် ပြည်သူသွေးနဲ့ ခင်းနေတဲ့လမ်းအား အားပေးကူညီနေသူတွေကို စုံစမ်းသိရှိပါက ပြင်းထန်တဲ့နည်းလမ်းနဲ့ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမယ်လို့ ကျွန်းစုမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျွန်းစုမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ် လက်အောက်ရှိ မြို့နယ်မှ ရပ်ကျေးအဆင့်အထိ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ အမည်စာရင်းနဲ့ နေရပ်လိပ်စာအပြည်အစုံကို ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံအာဏာကို မတရားသိမ်းယူထားတဲ့ အာဏာသိမ်းစစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲကျင်းပခွင့်မရှိသလို ပြည်သူ့ဆန္ဒမပါဘဲ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ လုပ်ကြံဖန်တီးတာဟာ ဒီမိုကရေစီလမ်းစဉ်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေပြီး ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစာခြင်းသာဖြစ်တယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်းစစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် ဆောင်ရွက်နေတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဆန့်ကျင်ကြောင်းနဲ့ လုံးဝ ခွင့်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ်