ရွာငံမြို့နယ်အတွင်းရှိ အရပ်သားပြည်သူ (၈) ဦးအား အာဏာသိမ်းစစ်တပ် ဖမ်းဆီး

By MPM 21 ဇူလိုင်, 2026 👁 65

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃) နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ (၁၉) ရက်နေ့တွင် စစ်ကော်မရှင်တပ်က အုတ်တွင်းကျေးရွာမှ ဒေသခံ (၈) ဦးခန့် ဖမ်းဆီးသွားကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲက အကြာကြီးတော့ မဖြစ်လိုက်ဘူး။ စစ်တပ်က အလစ်ငိုက်တိုက်ခိုက်ခံရတော့ သေဆုံးသူလည်း ရှိတယ်။ တိုက်ပွဲဖြစ်ပြီး နောက်ရက်ကို အုတ်တွင်းက လူ (၈) ဦး အဖမ်းခံရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် စစ်ကော်မရှင်တပ်က အုတ်တွင်းကျေးရွာနှင့် ကျောက်ငှက်ကျေးရွာဘက်တွင် တပ်စွဲထားပြီး ဒေသခံများကို အသွားလာကန့်သတ်ထားသောကြောင့် ခြံမသွားရဲကြကြောင်း ကျောက်ငှက်ကျေးရွာ ဒေသခံ အမျိုးသားက ထပ်လောင်းပြောသည်။

အဆိုပါ ဖမ်းဆီးသွားသော အရပ်သားများကို ယနေ့အထိ အဆက်သွယ်မရသေးပေ။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၁၆) ရက်တွင်လည်း ရွာငံ-အောင်ပန်းသွားလမ်း ငုတ်ချောင်းဘက်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ၎င်းလမ်းကြောတလျောက် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ဆေးမှုပြုလုပ်နေသည်။

“ရွာငံမှာ နေရတာလည်း မပျော်တော့ဘူး၊ တိုက်ပွဲဖြစ်လိုက် လူသတ်မှုဖြစ်လိုက်နဲ့ အမျိုးမျိုးကြားရတယ်၊ ခရီးသွားရင်လည်း လမ်းမှာ စစ်ဆေးတဲ့ အဖွဲ့တွေ (၅) ဖွဲ့လောက်ရှိတယ်၊ ဆိုင်ကယ်ဆိုရင်လည်း တူးဘောက် ဖွင့်ခိုင်းတယ်၊ ကားတွေဆို အကုန်စစ်တယ်၊ သူတို့မသင်္ကာရင် ခေါ်မေးပြီးရစ်တာ တခါတလေဆို ပိုက်ဆံတောင်းတယ်” ဟု ရွာငံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလက်ရှိ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးထားပြီး လူသတ်မှုများ၊ ခိုးဆိုးလုယက်မှုနှင့် မုဒိမ်းမှုများ မကြာခဏ ဖြစ်ပွားလာနေသော်လည်း မည်သည့်အဖွဲ့စည်းမှ တာဝန်ယူ ဖြေရှင်းပေးမှုများ မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၄) ရက်တွင်လည်း ညောင်ပင်ခွကျေးရွာတွင် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) အဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦး ထပ်မံအသတ်ခံခဲ့ရပြီး ပြီးခဲ့သည့် မေလမှ ဇူလိုင်လအတွင်း အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနှင့် အရပ်သားအပါဝင် (၁၃) ဦး အသတ်ခံခဲ့ရသည်။

သျှမ်းသံတော်ဆင့်