ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

By MPM 14 ဇန်နဝါရီ, 2026 👁

သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင်တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်သားများ ရောက်ရှိလာခဲ့သည်။

ထိုစစ်ကော်မရှင် တပ်သားနှင့် PNO တပ်ဖွဲ့တို့သည် ရွာငံမြို့နယ် ငှက်သောက်ကျေးရွာ၊ ကျောက်ငှက်ကျေးရွာ၊ မင်းပလောင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ထိုတပ်သားများကို ဒေသခံများက ထမင်းထုပ်သွားရောက် ပို့ဆောင်ရကြောင်း ရွာငံမြို့နယ် ဒေသခံအမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အဲ့တပ်သားတွေက ရွေးကောက်ပွဲ လုံခြုံရေးဆိုပြီး ရောက်လာတာ။ အဲ့ကျေးရွာတစ်ရွာမှာ စစ်သား အယောက် ၂၀ လောက်ရှိတယ်။ ကျေးရွာက အလှည့်ကျပို့ရတာ၊ ကျမတို့က ၃ ရက်ပို့ပေးရတယ်” ဟု ၎င်းအမျိုးသမီးကဆိုသည်။

စစ်ကော်မရှင်တပ်သားနှင့် PNO တပ်သား ကျေးရွာတစ်ရွာလျှင် အယောက် ၂၀ ရှိပြီး၊ ကျေးရွာပေါင်း ၅ ရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကာ ၎င်းတပ်သားများကို ထမင်းထုပ်ပို့ပေးရသည့်အပြင် ကျေးရွာအတွင်းရှိ ကြက်များကိုလည်း တောင်းယူ ချက်ပြုတ်စားသုံးကြောင်း ရွာငံဒေသခံများကပြောသည်။

“ထမင်းထုပ်ပို့တာတဲ့အပြင် ရွာထဲက ကြက်တွေလည်း တောင်းစားတယ်။ မပေးလို့လည်းမရဘူးလေ၊ ကျမတို့ဘာသာ တောင် ထမင်းနပ်မမှန်တာ သူတို့ကိုတော့ ထမင်းရော ကိုယ်ပိုင်တဲ့ကြက်ရောပေးရတယ်” ဟု စစ်သားများကို ထမင်းသွားပို့သည့် အမျိုးသမီးတစ်ဉီးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ရက်တွင် စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်လည်း ရွာငံမြို့နယ် မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) နှင့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) တို့ ဝင်ရောက်ယှဉ်ပြိုင်သည်။

ထိုရွာငံမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် စုစုပေါင်း မဲရုံ (၄၀) ရုံရှိပြီး ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) က အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ရွာငံမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်တပ်၊ လက်အောက်ခံ ပျူစောထီးတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO တပ်နှင့် ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLA/DPLF အပြင် ဓနုပြည်နယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DSNDA) တို့ သွားလာလှုပ်ရှားသည့်နေရာဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၅ခုနစ် စက်တင်ဘာ ၁၂ရက်တွင်လည်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စုထဲကို စစ်ကော်မရှင်လက်အောက်ခံ တပ်သည် မြေပြင် အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးကာ ခြံသွားလာသည့် ဒေသခံများကိုစစ်ဆေးမေးမြန်းခြင်း၊ ရိုက်နှက်ခြင်းတို့ပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကော်မရှင်သည် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည် DPLA/DPLF နှင့် DSNDA တို့၏ရန်ကို ကြောက်လန့်သဖြင့် ရွာငံမြို့နယ်အတွင်း မကြာခဏ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းတို့ ပြုလုပ်လေ့ရှိသည်။

“ကျနော်တို့ ကျေးရွာတွေဘက် စစ်တပ်ဝင်လာရင် ကြောက်ရတယ်။ ဒေသခံ အမျိုးသမီးရော၊ အမျိုးသားတွေရော ဖမ်းတာ၊ တော်လှန်ရေးဘက်လည်း ရွာသားတွေကို ဒလန်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းတာတွေ သတ်တာတွေ လုပ်တက်တော့ ကြောက်ရပြန်တယ်” ဟု ရွာငံမြို့နယ် ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကော်မရှင်တပ်သည် ၂၀၂၅ ခုနစ် သြဂုတ်လနောက်ဆုံးပတ်မှ စက်တင်ဘာလကုန်အထိ ရွာငံမြို့နယ်အတွင်းရှိ လူနေအိမ်ခြေ ၆၀ နှင့် ကျပ်သိန်း ၁,၅၀၀ တန်ဖိုးရှိ စပါးကျီအလုံးအရင်း ၉၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) က အောက်တိုဘာ ၁၆ရက်တွင် ထုတ်ပြန်ခဲ့သည်။

သျှမ်းသံတော်ဆင့်